ပျက်စီးခြင်းတရားဟာ သူ့အချိန်တန်ရင် ရှိကိုရှိလာမှာဖြစ်တယ်

နှစ်တစ်နှစ်ကို ပူပူနွေးနွေး အစချီတာပဲရှိတုန်း ရင်ခုန်စရာတွေက ကြိုနှင့်နေပြီပဲ။ ကိုယ်တွေက MacBook သုံးတယ်ဆိုတာ လူအထင်ကြီးခံရဖို့စိတ်နဲ့ သုံးတာမဟုတ်ဘူး။ Device တစ်ခုဝယ်နိုင်ရင်၊ လက်ဝယ်ပိုက်နိုင်ရင် ကိုယ့်လက်ထဲမှာ ကြာကြာခံဖို့ကို အမြဲထည့်တွက်တယ်။ တစ်ခဏအတွင်း in vain ဖြစ်ရတာမျိုးကို မလိုလားဘူး။ ကိုယ့်ဘက်ကဆိုရင်လည်း မှားယွင်းမသွားရအောင် ဂရုစိုက်ပြီး ကိုင်တယ်။ သပ်သပ်ရပ်ရပ်လေး ဖြစ်အောင်လည်း ထားတယ်။
Windows ဆိုတာ နဂိုကတည်းက မကြိုက်တာလည်းပါတယ်။ အဲ့ဒါကြောင့် MacBook ကို ရွေးချယ်ခဲ့တာပဲလေ။ ဒီမတိုင်ခင်က ပြောရဦးမယ်။ 2022 မေလောက်တုန်းက ဖြစ်မယ်ထင်တယ်။ Dell Pentium ပေါ်မှာ Windows သုံးခဲ့ရတုန်းကဆိုရင် တော်တော်စိတ်ရှည်ခဲ့ရတယ်။ Intel Pentium လို အစုတ်ကြီး CPU က Windows ကို ဘယ်ခံနိုင်ပါ့မလဲ။ အဲ့ဒါကြောင့် အခြေအနေမဟန်တော့ဘူးဆိုတာ သိလို့ မဖြစ်မနေ Ubuntu ကို 2024 နှစ်ကုန်အထိ ပြောင်းသုံးခဲ့ရတယ်။ တော်တော်တော့ ပေါ့သွားတယ်။ ဒါပေမဲ့ အလုပ်မတွင်တာတွေကတော့ ရှိနေတုန်းပဲ။ ဒီလိုနဲ့ပဲ MacBook ကို စကိုင်ဖြစ်လာတယ် ဆိုပါတော့။
ထုံးစံအတိုင်းဆိုသလို Steve တို့ဆီက ထွက်တဲ့ product စျေးတွေဟာ နည်းနည်းနောနော ဟုတ်မနေဘူးလေ။ ဒီတော့ MacBook အသစ်စက်စက် ဝယ်ထားနိုင်ဖို့ဆိုတာ ကိုယ့်လက်ထဲ ပိုက်ဆံလောက်လောက်ငင ရှိထားဦးမှ မဟုတ်လား။ ဒီတော့ ကိုယ်တွေ ဆုံးဖြတ်ခဲ့တာက ရေရှည်မှာ ကောင်းကောင်းသုံးနိုင်ဖို့ဟာကို အဓိကထားစဉ်းစားခဲ့တာ ဟုတ်တယ်။ ဒါပေမဲ့ ခက်တာက ဟုတ်တိပတ်တိ ငွေရှိမနေတာပဲ။ အဲ့လိုနဲ့ ရွေးချယ်မှုတွေ များများစားစား ရှိမနေမှတော့ ကောင်းနိုးရာရာ တစ်ပတ်ရစ်တစ်လုံးကို ဆွဲလာခဲ့ရတာပဲ။
အခုဆို သုံးလာခဲ့တာ တစ်နှစ်ကျော်သွားပြီပေါ့လေ။ ဝယ်တုန်းက battery cycle count ဟာ အဲ့လောက် မရှိခဲ့ဘူး။ ကိုယ်သုံးတော့မှ တစ်နှစ်တည်းမှာ cycle count ဟာ တော်တော် များသွားခဲ့တာပဲ။ ဒီကြားထဲ battery ခမ်းတာက တော်တော် ဒုက္ခပေးတယ်။ သိတဲ့အတိုင်း MacBook တွေက graphical effects အတွက် battery တော်တော် စားတယ်။ Charging လုပ်ရင်း သုံးရင်လည်း ထူးမလာဘူး။ တစ်ဖက်မှာ CPU အတွက် battery က ကောင်းကောင်း support မပေးနိုင်တော့ stuck မကြာခဏဆိုသလို ဖြစ်တယ်။ ဒီတော့ ကြံဖန်စီစဉ်ရတာပဲ။
OS က ဆက်ကောင်းနေသေးတော့ battery replacement လုပ်ဖို့ ဆိုင်လိပ်စာ ပြန်ရှာတယ်။ နောက်တစ်နေ့ Bolt ရှာငှားပြီးသွားတော့ လမ်းတစ်ဝက်တင် “ငါတော့သွားပြီ” ပေါ့။ လမ်းမှားနေသလို ခံစားရတယ်လို့။ တကယ်တော့ လမ်းမှားနေတာ ဟုတ်တယ်။ တခြားဆိုင်ကို ရောက်သွားတာ။ ဆိုင်ရှေ့ရောက်မှ မထူးတော့ပါဘူး ဆိုပြီး အထဲဝင်လိုက်တယ်။ ကောင်တာမှာ မျက်နှာသွယ်သွယ်လေးနဲ့ ကောင်မလေးတစ်ယောက် ရှိနေတယ်။ သူ့ကို မေးလိုက်တယ်။ “Hello, is that the same shop located right there?” လို့ ကိုယ်ဟန်အမူအရာနဲ့ မေးလိုက်တယ်။ သူကလည်း ချက်ချင်း ပြန်ပြောရှာပါတယ်။ “Yes”။ တော်ပါသေးတယ်။ အဲ့ခါမှ ကိုယ့်ကိုယ်ကို စိတ်ထဲ ချီးမွမ်းလိုက်သေးတယ်။ ငါ တော်တော် reasoning skill ကောင်းသားပဲလို့။ ဆိုင်ခွဲပဲ ဖြစ်လောက်တယ်လို့ စဉ်းစားခဲ့တာ မှန်တယ်ပေါ့လေ။
ကိုယ်ကတော့ Line chat ကနေ စကားပြောထားတာ ရှိတယ်လို့ စပြောလိုက်တယ်။ သူကလည်း Line chat လုပ်ထားတာ ပြပေးပါလားတဲ့။ အင်းရတယ်ပေါ့။ ပြလိုက်တယ်။ သူက sticker တစ်ခုပို့ပေးပါတယ်တဲ့။ သေချာအောင်လို့ ပို့ခိုင်းတာ ဖြစ်လောက်တယ်။ ဒါပေမဲ့ ကိုယ့်ဆီမှာ internet package မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ ဘာလို့ဆို Ruben တို့ဘဝမှာ အပြင်ထွက်တာ သိပ်မရှိတော့ အဆောင်က Wi-Fi နဲ့ပဲ ရောင့်ရဲလိုက်တာက များတယ်။ အဲ့တော့ သူက ကျနော့်ဖုန်းယူပြီး Wi-Fi ချိတ်ပေးလိုက်တယ် ထင်တယ်။ ပြီးတော့ သူကိုယ်တိုင်ပဲ Line chat ထဲ sticker တစ်ခု ပို့နှင့်ထားတယ်။ ပြီးတော့ ဖုန်းပြန်ပေးပြီး ကိုယ်ကြည့်တော့မှ ယုန်ရုပ်လေး sticker သူပို့ထားပြီးပြီ။ ကျနော်က sticker ထပ်ပို့ဖို့ လိုသေးလားမေးတော့ သူရယ်ပြီးပြောတယ်။ မလိုတော့ဘူးတဲ့။
သူတို့ဆိုင်ကို သွားရတယ် ဆိုတာကလည်း preliminary ကြိုလုပ်ရမယ် ပြောလို့ ကိုယ်က ရောက်လာတာပဲလေ။ ဘာမှ အမှားမရှိဘူး။ ဒီလိုနဲ့ counter ခုံပေါ်မှာ MacBook ပေးလိုက်တယ်။ Password? တစ်လေးကြိမ်ပါလို့ ပြေပြေပြစ်ပြစ် ပြောလိုက်တယ်။ သူ ပြုံးသွားပုံရတယ်။ လျှို့ဝှက်ကုဒ်က အရမ်း ရိုးရှင်းနေတယ်မလား။ ကျန်တဲ့အပိုင်းတော့ သူ ဘာဝင်ကြည့်တယ် ဆိုတာတော့ မသိတော့ဘူး။ ကိုယ်လုပ်ရမှာက password ပြောရုံပဲလေ။ သူများလက်ထဲအပ်မှတော့ သူ့ကို ဆရာတင်ရမှာပေါ့။ မဟုတ်လား။
ကောင်မလေးက amiable ဖြစ်ချင်စရာကြီး။ Body သေးသေးလေးနဲ့ စကားပြောတာလည်း ချစ်ဖို့ကောင်းတယ်။ လိုအပ်တာတွေ ပြင်ဆင်နေပုံရတယ်။ သူ အလုပ်လုပ်တဲ့ team နဲ့ ဆက်သွယ်ပြီး ထိုင်းလို ပြောတယ်။ ကိုယ်ကလည်း counter ရှေ့ ထိုင်ခုံမှာ ထိုင်ပြီး Telegram chat group ထဲ ဝင်ကြည့်နေတယ်။ ဒီလိုနဲ့ မတ်တပ်ရပ်တော့ သူက passport ပါလားတဲ့။ ကိုယ်ကလည်း “I didn’t bring any document.” ကျနော် ဘယ် document မှ မယူလာဘူးလို့ ပြောလိုက်တယ်။ သူကလည်း OK ပါတဲ့။ အော် မဟုတ်သေးဘူး။ ကျနော် passport ယူလာတယ်လို့ ကျောပိုးအိတ်ထဲကထုတ်ပြီး သူ့ဆီ အပ်ပေးလိုက်တယ်။ ကျနော် မေ့သွားတာ။
ကျန်တာတွေက သူ့ဘက် စာရွက်စာတမ်း ပြင်ပြီးနောက်ပိုင်း ကိုယ့်နာမည်နဲ့လက်မှတ် နှစ်ကြိမ်လောက် ထိုးပေးလိုက်ရတယ်။ သူပြောတာက battery order မှာတာက 5–6 ရက်လောက် ကြာမယ်တဲ့။ ပြီးတော့မှ battery replacement အတွက်ကို 3–4 ရက် ကြာနိုင်တယ်တဲ့။ ဟာ။ ကိုယ်ကလည်း သုံးလေးရက်တောင် ကြာမယ်ဆိုတော့ မဟုတ်သေးပါဘူးလေ။ သူတို့ဆီမှာ service queue ဖြစ်တာ အဲ့လောက်များသလားပေါ့။ ကြာသလားပါ့။ သုံးလေးရက်လောက်ကို laptop မကိုင်ဘဲနေရမှာက ကိုယ့်အတွက် တော်တော်အဆင်မပြေဘူးလေ။ ဆက်ညှိကြည့်တယ်။ အဲ့လိုနဲ့ 1–2 ရက် ဖြစ်သွားတယ်။ နောက်ဆုံး သူကပြီးပြီလို့ ပြောလိုက်တာနဲ့ ကိုယ်လည်း လှည့်ထွက်ပြန်လာခဲ့တာပဲ။