ဝင်္ကပါထဲက လူသားတစ်ယောက်၏ စိတ်လေရာတွေးခေါ်မှုများ

Be peaceful in Myanmar

ကမ္ဘာမကြေဘူး၊ အခဲမကျေဘူးဆိုပြီး ဘယ်လောက်ပင် အာခေါင်ခြစ်ပြီး ပြောပိုင်ခွင့်ရနေရနေ ကြားမှာ ထိခိုက်နစ်နာဆုံးက ဟော့ဒီလူထုပဲ မဟုတ်လား။ ပေးဆပ်လိုက်ရတာများ ကုန်းကောက်စရာတောင် မရှိတဲ့ဘဝတွေ ဖြစ်ကုန်ပြီလေ။ ပြောရင် လူ့အခွင့်အရေးတဲ့ဗျာ။ ဂျာအေးကို သူ့အမေရိုက်သလိုပဲ ဘယ်တော့ဆုံးမယ်မသိတဲ့ ဒီသံသရာမှာ သွေးချောင်းတွေ ပြောပမကုန်အောင် အကြိမ်ကြိမ်စီး၊ အသက်ဝိညာဉ်တွေ ကြွေလွင့်သွားတာများ အရိမေတ္တေယျဘုရားပွင့်မယ့် ဒီကမ္ဘာမှာ နောက်ဘဝလူမဖြစ်ချင်တော့တဲ့အထိပဲ။

စစ်ဖြစ်တယ်ဆိုတာ ဘယ်တုန်းက ရိုးသားဖြောင့်မတ်ရရိုးထုံးစံ ရှိဖူးလို့လဲ။ သတင်းမှန်၊ အဖြစ်အပျက်မှန်ကို သေသေရှင်ရှင် စစ်တိုက်တဲ့လူတွေက လက်ငင်းပြောရလေ့ မရှိဘူးမလား။ ပြီးတော့ အခုဆိုရင် လူ့အဖွဲ့အစည်းတိုင်းလိုလိုမှာ ဉာဏ်ပညာအားကြီးပြီး ဆင်ခြင်တွေးတောနိုင်တဲ့ လူတွေလည်း ယခင်ထက် ပိုများလာပြီလေ။ အဲ့တော့ သတင်းဖြန့်ဝေတဲ့လူတွေကလည်း အမှန်တရားတစ်ခုက လူ့စံနှုန်းနဲ့ လုံးဝမအပ်စပ်တဲ့ ရက်စက်ခါးသီးစရာ ဖြစ်နေရင် ဇာတ်လမ်းကို လိမ်ဆင်ဆင်ရတယ်။ ဖော့ရှော်တွေ တရပ်စပ်နဲ့ ဝါဒဖြန့်ပြီး ကြောက်ကန်ကန် ငြင်းကြတယ်။

လူကိုလူလို စာနာတတ်ရမှန်း အော်တိုပါလာတဲ့ အသိဉာဏ်က ဘက်မလိုက်သင့်မှန်း သတိပေးတံခါးခေါက်ရင်တောင် မျိုးကိုချစ်တဲ့စိတ်၊ ပုဂ္ဂိုလ်ကို ကိုးကွယ်တဲ့စိတ်အခံနဲ့ အစွဲယိမ်းတွေက တိခနဲ ပြတ်ကျသွားလေ့ မရှိပါဘူး။ အဲ့တော့ လူသားဟာ ကိုယ့်ကိုကိုယ် လူသားမြောက်တယ်လို့ စိတ်အထင်တောင် မရှိရှာနိုင်တော့ဘူး။ အဲ့တော့ လူ့ကျင့်ဝတ်ကို ကျော်လွန်ပြီး ကျူးလွန်တာတွေဟာ စိတ်အာသာဖြေစရာ အဆင့်လောက်ပဲ ဖြစ်သွားတော့တယ်။ နောက်ဆုံးမှာ လူ့မြေစာပင်တွေဟာ နဂိုမွဲတေနေရတဲ့ကြားထဲ အသက်နှလုံးခုန်နှုန်းမှန်အောင် အတွက်ပါ ကြိုးစားရုန်းကန်ရင်း အကြွေးထပ်တင်ရလေပြီ။

First, raise your kids with human rights in the family.

ပြဿနာရဲ့ရင်းမြစ်က ဘယ်မှာစပြီး သန္ဓေတည်ထားခဲ့တာလဲ။ ပြဿနာရဲ့ရင်းမြစ်ကို တဖြည်းဖြည်းချင်း လိုက်လံတူးဆွဖော်ထုတ်ပြီး ဖြေရှင်းမှ ဖြစ်တော့မယ်လို့ ယခင်မျိုးဆက်က ကြိုးစားပမ်းစား ရှိခဲ့စေကာမူ မလိုလားအပ်တဲ့ ပြဿနာအသီးသီးက ထပ်တိုးပေါ်ပေါက်လာခဲ့ပြန်ရော။ အဲ့တာကိုပါ သူ့အလိုအလျှောက် လက်ဆင့်ကမ်းရသလို ဖြစ်သွားတယ်။ နောက်မျိုးဆက်ရောက်တော့လည်း ထွက်လမ်းမရှိတော့တဲ့ ဝင်္ကပါထဲမှာ ပိတ်မိနေကြပြီဆိုတာ သိရှိနားလည်ခဲ့ကြတယ်။ ဒီအတိုင်းဆို ဝင်္ကပါဟာ ငါတို့ကို ဉာဏ်အလင်းဖွင့်ပေးနိုင်မှာ မဟုတ်မှန်းပါ အမြော်မြင်ရှိခဲ့တယ်။

ဟောဒီဝင်္ကပါထဲမှာ အလင်းတစက်မရှိအလား ပိန်းပိတ်မှောင်နေခဲ့တာသည်လည်း အင်မတန်ကြာခဲ့ပြီလေ။ ဝင်္ကပါထဲကနေ ကောင်းကင်ပြာပြာကို မြင်တွေ့ရဖို့ဆိုတာကလည်း အင်မတန်ခဲယဉ်းတဲ့ ကိစ္စမဟုတ်လား။ ဒီလိုနဲ့ မထူးတော့တဲ့အဆုံး နောက်ဆုံးအဖြေဟာ ဝင်္ကပါကို ဖြိုချဖို့ဖြစ်လာခဲ့တယ်။ သို့ပေမယ့် ဝင်္ကပါအုတ်နံရံတံတိုင်းဟာ အထုအထည်ကြီးမားစွာနဲ့ အန်တုနေနိုင်တုန်းပါပဲ။ ဒီလိုမျိုး ကပ်ဆိုးကပ်ယုတ်ဟာ ဘယ်ချိန်အထိ သောကတွေ ပင်လယ်ဝေအောင် လုပ်အုံးမှာလဲတော့မသိ။ ပြဿနာထဲ ဆင်ကဲပြဿနာတွေ မဆုံးတော့အောင် ဖြစ်ရလေပြီတကား။

အဲ့တာကို ကြေကွဲရုံမှတစ်ပါး အိမ်နဲ့ဝေးရာရောက်နေတဲ့ ကျနော်ဟာ ဘာမှမလုပ်ပေးနိုင်ဘူး။ အသက်ရှင်ရတာ မွန်းကျပ်တယ်။ မနေ့ညက ဂစ္ဆပနဒီတံတားကြီးကို ဗုံးကြဲချသွားတယ်တဲ့။ စိတ်တွေတုန်လှုပ်လိုက်တာများ မဖော်ပြတတ်တော့ဘူး။ ကိုယ်ချစ်ရတဲ့ အဖေအမေရော၊ ညီမလေးရော၊ ချစ်ရတဲ့ဆွေမျိုးသားချင်းတွေ၊ တခြားအိမ်သူအိမ်သားတွေ အဲ့ညည့်နက်ကြီးကို ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့ကြသလဲလို့ အရမ်းသိချင်မိတယ်။ ဘဝမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အကြောက်တရားကြီးဟာ ကိုယ်ချစ်ရတဲ့လူတွေမှာ သည်းသည်းသန်သန် ကိန်းအောင် နေရာယူခဲ့လေပြီ။

အဲ့တာဟာ ကံကြမ္မာ အတုံ့အလှည့်၊ ဝဋ်ကြွေးအလားပဲ။ အညစ်အထေးတွေဟာ မသက်ဆိုင်သူတွေပေါ်မှာ စွန့်ပေကုန်ပြီ။ ဘယ်လိုဆေးကြောသန့်စင်ရမှာလဲ။ မကြာမကြာ မက်လာမယ့် အိမ်မက်ဆိုးတွေကိုရော ဘယ်သူက လာဖြေသိမ့်ပေးမလဲ။ ဒီကမ္ဘာမြေကြီးပေါ်မှာ ငြိမ်သက်ခြင်းရှိတဲ့တစ်နေ့မှ အရာရာဟာ ပြန်ဖွေးလာတဲ့ နေရောင်ခြည်ဓာတ်ကြောင့် လင်းလက်လာမယ်လို့ ထင်မိတယ်။ လေပြည်အေးအေးလေးတွေကို ပေါ့ပေါ့ပါးပါး ရှူရှိုက်ရမယ်လို့ မျှော်လင့်လိုက်ရတယ်။ အဲ့အချိန်ကာလမှ ချစ်ရတဲ့ မိတ်ဆွေပေါင်းဖော်များအားလုံးလည်း တကယ်ချမ်းသာကြွယ်ဝတဲ့ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာမှုမျိုးကို ရရှိပိုင်ဆိုင်ကြမယ်လို့ တမ်းတငံ့လင့်ပါတယ်။

Subscribe to My Newsletter

Occasional updates on projects, articles, and learning experiences.