တင်းနစ်ဘောလုံးလေးတွေ ပြင်းအားပျောခဲ့တဲ့ည

Be peaceful in Myanmar

လူသားတို့၏ စိတ်အစဉ်တွင် တစ်နေ့တစ်နေ့ မရေတွက်နိုင်သည်အထိ ကန့်သတ်လို့မရအောင် စဉ်ဆက်မပြတ် စီးထွက်လာတဲ့ အိုင်ဒီယာတွေဆိုတာ ရှိသည်မဟုတ်ပါလား။ ဥပမာ - လူတစ်ယောက်တွင် အိုင်ဒီယာကောင်းတစ်ခုရှိ၏။ လုပ်ရည်ကိုင်ရည် ပင်ကိုယ်အရည်းအချင်းလည်း အတန်အသင့်ရှိ၏။ ၎င်းအပြင် အထောက်အပံ့အလို့ငှာ လိုအပ်တဲ့ capital ပိုင်းဆိုင်ရာ အရင်းအနှီးလည်း ထိုက်သင့်သလောက် လောက်လောက်ငှငှရှိ၏။ ထို့သို့ဆိုလျှင် ထိုလူသားသည် စိတ်၏အလိုအတိုင်း ရည်မှန်းချက်တစ်ခုအား အကောင်အထည်ဖော်လိုသည့်တိုင် အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းရှိမည်ဟု မှတ်ယူနိုင်လေသည်။

​သို့ဆိုစေကာမူ လူသားအများစုသည် တီထွင်ကြံဆ ရရှိပိုင်ဆိုင်လာသည့် အိုင်ဒီယာတစ်ခုအား မျက်စိရှေ့တွင် လက်တွေ့ကျကျ ရုပ်လုံးပေါ်လာအောင် စွမ်းဆောင်ကြသည့်အခါမူကား လမ်းခုလတ်တစ်နေရာ၌ ရပ်စဲသွားကြရလေ့ရှိသည်။ ထိုအထဲမှ တချို့မူကား အိုင်ဒီယာဆိုသည့်အရာအား လက်ငင်းဆောင်ရွက်နိုင်သည့် အဆင့်ထိရောက်အောင်မူ ကြိုးစားအားထုတ်လိုသည့်ဆန္ဒ လုံးဝမရှိခဲ့ချေ။ တစ်ချိန်က ပြိုးပြိုးပြက်ပြက် တောက်ပခဲ့ဖူးသော အားမာန်နှင့် အရှိန်အဟုန်တို့သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး၊ ထိုစိတ်ကူးတို့၏ ပြင်းအားမှာလည်း တစ်နေ့ထက်တစ်နေ့ လော့နည်းသွားတတ်သောကြောင့်ပင်ဖြစ်သည်။

အထက်ပါအခြင်းအရာအား ထပ်ဥပမာပေးပြီး ပြောရလျှင်မူကား ကျယ်ဝန်းသောလေထုထဲ၌ တင်းနစ်ဘောလုံးလေးများ၏ ခုန်ပေါက်နှုန်းဟာ ယခင်လို သွက်လက်မနေတော့ဘဲ တစ်ချက်ချင်းစီ နွံထဲနစ်ဝင်သွားသလိုမျိုး ဖြစ်သွားသည်ဟု နားလည်ထားနိုင်သည်။ တဖက်တွင် ယင်းအိုင်ဒီယာအား တကယ်ဖြစ်ထွန်းစေလိုမည့် အကျိုးအကြောင်းများ အားမပေးနေသလို သိုင်းဝိုင်းပါမလာသဖြင့်လည်း တစ်ဖက်သတ် တွက်ဆ၍လည်းရသည်။ ထို့ကြောင့် အိုင်ဒီယာတိုင်းကို အထမြောက်အောင် လက်တွေ့လုပ်ဆောင်၍ ရကိုရရမည်ဟု ပြောဆိုသည်ကား ဘယ်နည်းနှင့်မျှ ယုတ္တိမကျပေ။ ထိုအခါ ဆန်းသစ်ကောင်းမွန်လှသည်ဟု မှတ်ယူနိုင်သော တချို့အိုင်ဒီယာတို့သည်ပင် အများနည်းတူ ဆိတ်တုန်းသွားရလေ့ရှိ၏။

ဆက်ပြောရလျှင် ကျွန်ုပ်တို့ သိရှိနားလည်ထားသည့် လူဆိုတဲ့သတ္တဝါကား မျှော်လင့်ချက်ရောင်ခြည်နောက်လိုက်ပြီး အသက်ရှင်တတ်ကြသည် မဟုတ်လား။ မိမိမျှော်လင့်ထားသော ရလဒ်အပေါ်မူတည်ပြီး အတွင်းစိတ်ဆန္ဒတို့သည် နိမ့်ချေမြင့်ချေ ဖြစ်ရတတ်လေ၏။ ယင်းနှင့်ဆက်စပ်၍ အချိန်အခါ၊ အခြေအနေကြားထဲ၌ ဖြစ်ပေါ်လာသော စိတ်၏လှုံ့ဆော်မှုကြောင့် ဝီရိယဖြစ်ပေါ်မှုတို့သည်လည်း လူတစ်ဦးချင်းစီတိုင်းတွင် ကွဲပြားနေမည်သာဖြစ်သည်။ မည်သို့ဆိုစေ ၎င်းမူကား စိတ်ကူစိတ်သန်းတို့အား လက်တွေ့ကမ္ဘာ၌ ထင်ရှားပီပြင်လာအောင် ဦးတည်ချက်ထားကြရာမှာ အဓိကအခရာမကျေသေးပေ။

Subscribe to My Newsletter

Occasional updates on projects, articles, and learning experiences.