ပိုက်ဆံနည်းနည်းနဲ့ မုန့်အများကြီး ဝယ်တတ်ရင် မင်းဟာဆရာကြီးပဲ

Cookies Wafer Biscuit

ငယ်ငယ်ကတည်းက သူများထက် တော််ရမယ်၊ ထူးခြားရမယ်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့နဂိုမူလ စိတ်အသွင် မဟုတ်ခဲ့ဘူး။ အမေက သူ့သားသမီးတွေကို nurture လုပ်ခဲ့တဲ့ပုံစံရယ်၊ ပတ်ဝန်းကျင်က ကိုယ်တွေမောင်နှမဆို အတိုင်းအတာတစ်ခုအထိ flattery လုပ်ခဲ့တာကြောင့်လည်း ဖြစ်မယ်။ ဘာလုပ်လုပ် အဲ့စိတ်အခံလေးက မသိစိတ်ထဲမှာ ကိုယ်နဲ့အမြဲ စေးကပ်နေခဲ့တယ်။ Identity တစ်ခုလို ဖြစ်လာခဲ့တယ်။ အမေ့ဘက်ကြည့်ရင်လည်း သူ့သားသမီးတွေကို ထူးချွန်ပြောင်မြောက်စေချင်လွန်းတာကိုး။ အဲ့တော့ သားသမီးတွေကို ပညာအရာ တော်လာအောင် မရမက ဖိအားပေးခဲ့တယ်။ အသက်ကြီးလာတော့မှ ခံယူချက်ပိုင်းဆိုင်ရာ pattern အများစုဟာ အမေပုံသွင်းထားခဲ့တဲ့ ပုံစံတွေ သက်သက်ပဲဆိုတာ နားလည်လာခဲ့တယ်။

ကဲ ထားပါတော့။ အဓိကတော့ အမေ့အကြောင်း နည်းနည်းလေးပဲ အစချီချင်တာ။ အမေက သားသမီးသုံးယောက်လုံးကို လူတန်းစေ့အောင် သူ့ရဲ့ management skill ကောင်းကောင်းနဲ့ ပျိုးထောင်ခဲ့မှတော့ တချို့သော habitual echoes တွေဟာ သတိမထားမိခင်မှာပဲ မတူညီတဲ့ပုံစံနဲ့ သားသမီးတွေရဲ့ အသွေးအသားထဲပါ သူ့အလိုလို ရောက်သွားတယ် ဆိုတာပါ။ ဒီလိုနဲ့ ကိုယ်တွေ ဉာဏ်အလင်းပွင့်သွားတာက “ဘဝဆိုတာ မင်းကိုမင်း management skill ဘယ်လောက် ကောင်းသလဲဆိုတာပေါ်မှာ အခြေတည်နေတယ်၊ မူတည်နေတယ်” လို့ နားလည်လာတယ်။ မင်းဘဝကိုမင်း ကျကျနန၊ နိုင်နိုင်နင်းနင်း စီမံခန့်ခွဲတတ်လေလေ မင်းဘဝအနာဂတ်ကို ရွှေရောင်ဘောင်အနားနဲ့ ကွပ်ခံရမယ်ဆိုတဲ့သဘော သက်ရောက်နေတယ်။

ငယ်ငယ်က အဖြစ်အပျက်တွေကို တခုတ်တရ ပြန်သွားရရင် မူလတန်းကျောင်းသားဘဝကတည်းက မုန့်ဖိုးမရတဲ့ နေ့စွဲဆိုတာ သိပ်မရှိခဲ့ဘူး။ နေ့စွဲအများစုမှာ လောက်လောက်ငငနဲ့ ဖြတ်သန်းခဲ့ရတယ်။ စိတ်လုံခြုံခဲ့ရတယ်။ သူငယ်ချင်းတွေကြား မျက်နှာငယ်ခဲ့ရတယ်ဆိုတာ အခုထိပြန်တွေးရင် မရှိခဲ့သလောက် ဆိုရမှာပါပဲ။ အဲ့ဒါအတွက်ကြောင့်လည်း အမေနဲ့အဖေ နှစ်ယောက်လုံးကို ကျေးဇူးတင်တယ်။ တကယ်တော့ ကိုယ်တွေမိသားစုက ပိုက်ဆံရှိကြလို့ မဟုတ်ဘူး။ Pastor’s family အဖြစ် ကြီးပြင်းလာရသလို Christian တွေရဲ့ ယုံကြည်သက်ဝင်မှုအရဆိုရင် ကျေးဇူးတော်ကြောင့်လို့ ပြောရမယ်။ နေ့လယ် ကျောင်းဆင်းချိန်တွေမှာ မုန့်ဈေးတန်းဘက်ကိုလည်း အမြဲလိုလို ခြေဆန့်ခွင့်ရခဲ့တယ်။ အပေါင်းအသင်းတွေနဲ့လည်း အပြန်အလှန် မုန့်တွေလဲလှယ်ပြီး စားခဲ့ရတဲ့ မြင်ကွင်းတွေဆို အခုပြန်တွေးကြည့်ရင် မှတ်မိနေသယောင် ရှိတုန်းပါပဲ။

အလယ်တန်း ကျောင်းသားဘဝရောက်တော့ ပိုပြီးလူရည်လည်လာတယ်။ အမေမုန့်ဖိုး ငွေတစ်ရာလောက်ပေးရင်ကို လက်လုပ်မုန့်ဖြစ်ဖြစ်၊ ready made မုန့်ဖြစ်ဖြစ် မုန့်ဘယ်နှမျိုးလောက် ဝယ်စားနိုင်မလဲဆိုတာ တင်ကူးတွက်ချပြီး စဉ်းစားတတ်တဲ့ ဗီဇဟာ အဲ့ကတည်းက ပါလာခဲ့တယ် ဆိုရမှာပဲ။ ဒီညနေစောင်းမှာလည်း ထမင်းသေချာစားထားတာလည်း မဟုတ်ဘူး။ အဆာပြေ စားထားတာလောက်ပဲ ရှိမယ်ထင်တယ်။ ဒါပေမဲ့ အသိတွေက ကိုယ့်ကို မုန့်ပဲသရေစာကျွေးလို့ ညဆယ့်တစ်နာရီထိတော့ သိပ်ဗိုက်မဆာခဲ့ဘူး။ ဒါနဲ့ ကိုယ့်ကိုကိုယ် ပြောဖြစ်တဲ့ စကားတစ်ခုရှိတယ်။ “ငါ့မှာ ချစ်မွှေးပါတဲ့ အပြုအမူမျိုးလည်း မရှိပါဘူး” လို့လေ။ ဒါပေမဲ့ ဘယ်နေရာ ဘယ်အခြေအနေရောက်ရောက် ကိုယ့်ကိုချစ်ရှာ၊ ဂရုစိုက်ပေးရှာတတ်တဲ့ လူတွေက ပေါ်လာစမြဲ။ ကိုယ်ကသာ စိတ်အေးစက်သလောက် တော်တော်စကားနည်းတဲ့လူ။ ကိုယ့်ကို ပြန်အရေးတယူပြုတဲ့လူတွေ ရှိနေတာက တော်တော်ဟုတ်ပါလားလို့ တွေးဖြစ်သေး။

အဲ့လိုနဲ့ ကွန်ပျူတာရှေ့ ဆက်ထိုင်ပြီး Canva ပေါ် YEP program အတွက် presentation slides တစ်နာရီလောက် ပြင်ပြီးနောက်မှာပဲ ဗိုက်ပြန်ဆာလာပြန်ရော။ Slides တွေတော့ တစ်နာရီအတွင်း ပြီးသလောက်နဲ့ လက်စသတ်ခဲ့တယ်။ အဲ့တာပြီးနဲ့ ကိုယ့်ရဲ့ကိုယ်ပိုင် portfolio အတွက် domain တစ်ခုလောက် ဝယ်မယ်ဆိုပြီး z.com ကနေ ဝယ်ချလိုက်တယ်။ အဲ့မှာ ဟိုဟာပြင်၊ ဒီဟာပြင်နဲ့ နည်းနည်းလောက်ကြာသွားတယ်။ ပြီးတော့ ငါးဆယ်ဘတ်တန် တစ်ရွက်ကိုင်ပြီး သုံးလွှာကနေဆင်း၊ ပြီးတော့ လမ်းထိပ်က Seven Eleven ဆီကို ဖြောင့်ဖြောင့်တန်း ခြေဦးတည် သွားခဲ့တာပဲ။ Store ရောက်ပြီဆိုရင် ပါရင်ပါသလောက် သုံးဖြန်းတဲ့ပုံစံနဲ့ အကုန်ဝယ်တတ်တဲ့သူထဲမှာ မပါတော့ ငွေသုံးဆယ်လောက်ပဲ ချင့်ချိန်သုံးခဲ့တယ်။ ပုံမှာမြင်သလိုပဲ မုန့်ထုပ်လေးခုရအောင် ဝယ်လာခဲ့တယ်။ ကိုယ့်ရဲ့ အတွေးအခေါ် ယူဆချက်တစ်ခုကို ပြောပါဆိုရင် “နည်းနည်းသုံးပြီး များများရယူနိုင်စွမ်းရှိရမယ်” ဆိုတာပါပဲ။

တစ်ဖက်မှာလည်း မုန့်ထုပ်တွေဟာ မျှမျှတတ အာဟာရဓာတ် ပါဝင်ရမယ်ဆိုတာကိုပါ ထည့်တွက်တယ်ပေါ့လေ။ နဂိုကတည်းက ကိုယ်တွေပါးစပ်မှာ snack တစ်ခုခု မျိုချရရင်ကို ဒိုပါမင်ဓာတ် တော်တော်ရတဲ့လူမျိုး။ မုန့်လေးထုပ်လောက် စားရမယ်ဆိုတော့ ပြောစရာကို မလိုတော့တာ။ အဲ့လိုနဲ့ cookies, wafer, biscuit မုန့်သုံးမျိုးလောက် အခန်းတွင်းထိ ယူလာပြီး တစ်ထုပ်ချင်း စိတ်ကြိုက်ဖွင့်ပြီး စားတယ်။ အချိုလည်းကြိုက်၊ ရေသောက်လိုက်နဲ့ ဗိုက်အတော်တင်းခဲ့တယ်။ လေးလံနေခဲ့တဲ့ ဆာလောင်မှုဝန် တော်တော်လေး ပြေလျော့သွားတယ်။ တကယ်တမ်းမှာ ညဘက်ရောက်ပြီဆို ဗိုက်တင်းအောင် မစားရဘူးတဲ့။ စားရင် အစာမကြေတတ်တဲ့အပြင် အိပ်မပျော်ဖြစ်တယ် ဘာညာပေါ့။ စားမယ်ဆို အစာအိမ်၊ အူတွေ ရှင်းသွားအောင် အသီးအနှံတွေ စားရမှာမျိုး။ နောက်ဆုံးတော့ ခေါင်းမာတတ်တဲ့အတိုင်း “ပိုက်ဆံနည်းနည်းနဲ့ မုန့်အများကြီး ဝယ်တတ်ရင် မင်းဟာ ဆရာကြီးပဲ” ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်မလွှတ်ချင်တာကိုး။ ဘာပဲဖြစ်ဖြစ် မုန့်စားတာကို တစ်နာရီလုပ်အားဖို့ reward လုပ်တယ်လို့ပဲ တေးမှတ်လိုက်တယ်။

Thus, as others define success through life’s turning points, I quietly measure mine by the number of times I’ve savored snacks with pure delight.

Read Next

ညီမလေးအတွက် စိတ်ရှိသလောက် ဘာမှလုပ်မပေးနိုင်တဲ့ အခြေအနေကို ဆိုက်ရောက်

ဒီနောက်ပိုင်းတွေမှာ အလိုမကျဖြစ်ရင် မိသားစုအကြောင်းပဲ ဖြစ်တာများတယ်။ ထရော်မာရတဲ့အထိတောင် ဖြစ်ရတယ်။ ဒီမနက်က အိပ်မက်ဆိုးမက်ရင်း နိုးလာတယ်။ အသက်နှစ်ဆယ်စွန်းလာသည့်တိုင် ဘဝမှာ ပူဆွေးသောကရောက်ရတဲ့ အိပ်မက်ဆိုးတွေ မရှိခဲ့ဆိုသလိုပါပဲ။

ပျက်စီးခြင်းတရားဟာ သူ့အချိန်တန်ရင် ရှိကိုရှိလာမှာဖြစ်တယ်

နှစ်တစ်နှစ်ကို ပူပူနွေးနွေး အစချီတာပဲရှိတုန်း ရင်ခုန်စရာတွေက ကြိုနှင့်နေပြီပဲ။ ကိုယ်တွေက MacBook သုံးတယ်ဆိုတာ လူအထင်ကြီးခံရဖို့စိတ်နဲ့ သုံးတာမဟုတ်ဘူး။ Device တစ်ခုဝယ်ရင်၊ လက်ဝယ်ပိုက်နိုင်ရင် ကိုယ့်လက်ထဲမှာ ကြာကြာခံဖို့ကို အမြဲထည့်တွက်တယ်။ တစ်ခဏအတွင်း in vain ဖြစ်ရတာမျိုးကို မလိုလားဘူး။

Subscribe to My Newsletter

Occasional updates on projects, articles, and learning experiences.