ညီမလေးအတွက် စိတ်ရှိသလောက် ဘာမှလုပ်မပေးနိုင်တဲ့ အခြေအနေကို ဆိုက်ရောက်

ဒီနောက်ပိုင်းတွေမှာ အလိုမကျဖြစ်ရင် မိသားစုအကြောင်းပဲ ဖြစ်တာများတယ်။ ထရော်မာရတဲ့အထိတောင် ဖြစ်ရတယ်။ ဒီမနက်က အိပ်မက်ဆိုးမက်ရင်း နိုးလာတယ်။ အသက်နှစ်ဆယ်စွန်းလာသည့်တိုင် ဘဝမှာ ပူဆွေးသောကရောက်ရတဲ့ အိပ်မက်ဆိုးတွေ မရှိခဲ့ဆိုသလိုပါပဲ။ ဒီတစ်ခါမက်တာက တကယ့် real life မှာ ဖြစ်သွားသလိုမျိုး။ အဓိကတော့ ညီမလေးအကြောင်းမက်တာ ဖြစ်နေတယ်။ 2025 အောက်တိုဘာလလယ်အထိ သူနဲ့ကောင်းကောင်းမွန်မွန် အဆက်အသွယ်ရခဲ့သေးတယ်။ အခုချိန်ထိ contact ပြန်မရတာဆိုရင် သုံးလကျော်သွားပြီ။ အဖေနဲ့အမေ့ကိုလည်း ဒီနောက်ပိုင်း မအူမလည်နဲ့ မပြတ်သားတဲ့ပုံစံကိုပဲ မြင်ရတယ်။ အဝေးရောက်သားသမီးတွေနဲ့ အဆက်အသွယ် သေချာလုပ်ဖို့ကို မလိုချင်ကြတဲ့ ပုံစံပဲ။ အဲ့တော့ တစ်ခုခုဖြစ်တယ်ဆို သူတို့ကိုပဲ အပြစ်တင်ချင်တော့တယ်။ သူတို့ပြောတော့ မင်းညီမ လေဒီယာက ဘာသာစကား သင်တန်းတွေတက်နေတယ်ပေါ့။
အိပ်မက်မက်တာဆိုလားဆိုရင် တော်တော်ဆိုးတယ်။ အိပ်မက်ထဲမှာ ရန်ကုန်မှာနေတဲ့ အစ်မရင်းမဟုတ်ဘဲ အစ်မဝမ်းကွဲက ကိုယ့်ကိုဖုန်းဆက်ပြီး အကျိုးအကြောင်း လာပြောတယ်တဲ့။ ဖုန်းထဲကနေ audio ဖိုင်ဖွင့်ပြီး ပြောတဲ့ပုံစံမျိုး။ တစ်ဖက်က ညီမလေးပြောတဲ့ စကားသံတွေကို စကြားလာရတယ်။ အစမှာတင်ပဲ ပုံမှန်လူတစ်ယောက် ပြောသလိုမျိုး ဟုတ်မနေဘူး။ စိတ်လွတ်သွားတဲ့ လူတစ်ယောက်လို ဖြစ်သွားပြီလို့ သိလိုက်ရတဲ့အခါမှာ ကျနော် တော်တော်ဆွံ့အသွားသလို ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ခဲ့ရတယ်။ ဘာလို့ဆို မိသားစုထဲမှာ ညီမလေးကို ကျနော် အချစ်ဆုံးလေ။ သူ့ပညာရေးအတွက်ဆို အကောင်းဆုံး လုပ်ပေးချင်တာ။ ကိုယ်လက်လှမ်းမီသလောက် လမ်းပြဦးဆောင်ပေးချင်တာ။ ဒါပေမဲ့ audio ဖိုင်တစ်ခုလုံး ကြားပြီးနောက်မှာ ကောင်းသတင်းဖြစ်မနေတော့ ကျနော့် မျက်ရည်တွေ စီးထွက်ကျလာတယ်။ အဲ့တာနဲ့ မျက်လုံးဖွင့်လိုက်တော့ အိပ်ရာပေါ် တကယ်ငိုနေတာ ဟုတ်တယ်။ တစ်ခဏချင်းမှာပဲ ရင်ဘတ်ကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် ခံစားရတယ်။
ကိုယ်တစ်ခုလုံး ပူထူသွားတာက အမှန်ပါ။ အိပ်မက်ဖြစ်နေလို့သာ တကယ်မဟုတ်ပါဘူးလို့ ဖြေသိမ့်လို့ ရသွားတာ။ ဒါပေမဲ့ အိပ်မက်ထဲမှာ အဖြစ်အပျက်တွေက ဘာလို့ အဲ့လောက်တောင် ပီပြင်နေရတာပါလိမ့်။ ပုံရိပ်တွေက တကယ်ဖြစ်နေသလိုမျိုး ထင်ရှားလွန်းနေတယ်။ ပြီးတော့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကိုက ဒီတစ်သက် လေ့လာလို့ မပြီးနိုင်တဲ့ဟာပဲလေ။ ဘယ်ကနေပြီး အဲ့လိုအိပ်မက်ဆိုးမျိုး မက်ရတာလို့လည်း နားမလည်နိုင်။ ကိုယ့်ရဲ့ obsession ကြောင့်လည်း အများကြီးဆိုင်မယ်။ ဘာကြောင့်လဲဆိုရင် ဒီရက်ပိုင်းတွေမှာ မမြင်တာကြာ၊ စကားမပြောရတာ ရက်ပေါင်းတစ်ရာကျော်ပြီဖြစ်တဲ့ ညီမလေးတစ်ယောက် ဘာတွေများလုပ်နေလဲလို့ မကြာခဏဆိုသလို တွေးပူနေမိတယ်။ အရင်တစ်ခါတုန်းက အိမ်မှာ ကိုယ်ဝယ်စုထားတဲ့ physical စာအုပ်တွေ အကုန်လုံးကိုတော့ သူဖတ်ပြီးသွားပြီလို့ ပြောခဲ့သေးတယ်။ အောက်တိုဘာလ ဆယ့်လေးရက်နေ့ Gmail ကနေတစ်ဆင့် ထပ်ပြီးပို့လိုက်တဲ့ PDF စာအုပ်သုံးအုပ်ကိုရော ဖတ်ပြီးနေပြီလားလို့လေ။
အဲ့တာကြောင့် prefrontal cortex က REM sleep ဖြစ်နေစဉ်မှာ logical ပိုင်းဆိုင်ရာ လုပ်ဆောင်မှု အားနည်းသွားသလို တစ်နေရာရာမှာ ချို့ယွင်းသွားတာနေမယ်။ အဲ့မှာစပြီး အိပ်မက်မက်တဲ့အခါ မဖြစ်နိုင်တဲ့အရာတွေကို အမှန်လို သရုပ်ဖော်လာတာပဲ။ ပြီးတော့ လူက အိပ်မက်မက်တဲ့ အချိန်ကာလ အပိုင်းအခြားမှာ context ကို ပိုမှတ်မိနေတတ်ပြီး ဖြုတ်ခနဲ နိုးလာတော့ အားလုံးကို စုံစုံစေ့စေ့ ပြန်မပြောနိုင်တာက အံ့သြဖို့ကောင်းနေတယ် မဟုတ်လား။ ဘာလို့ဆို လူတွေဟာ အဖြစ်အပျက်တစ်ခုကို ရေးရေးလေးလောက်ပဲ မှတ်မိကြတာ ပိုများတယ်။ အိပ်မက်ကို ပြန်ပြောရင်တောင် မသေချာမရေရာဘဲ အပိုကောက်ချချတာမျိုးလည်း ပါတတ်သေးတယ်လေ။ အဆုံးမှာ ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်ရင် ဒီလိုအခြေအနေမှာ ညီမလေးအတွက် စိတ်ရှိသလောက် ဘာမှလုပ်မပေးနိုင်တဲ့ အခြေအနေကို ဆိုက်ရောက်သွားတာက အဆိုးဆုံး ဆိုတာပါပဲ။
ဒီဘက်ခေတ်မှာ အခွင့်အရေး လမ်းစသစ်တွေကို ရှာတွေ့ဖို့ဆို အင်တာနက်ပေါ် တိုးတက်ပြောင်းလဲနေတာတွေကို မျက်ခြေပြတ်မသွားဖို့လည်း လိုတယ်လေ။ သူ့အတွက် အင်တာနက်မရှိတဲ့ zone သေးသေးလေးမှာ ပိတ်မိနေတာက ကိုယ်တာဝန်မကျေ၊ အပြစ်မကင်းသလို ခံစားရတယ်။ အဲ့နေရာလေးမှာ ဘယ်လိုလုပ်ပြီး ခေတ်သစ်ရဲ့မျက်စိအမြင် ပွင့်ပါ့မလဲ။ အဲ့ကြောင့် ညီမလေးအကြောင်း တွေးလိုက်တိုင်း တနုံ့နုံ့ ခံစားရတယ်။ ကိုယ်က ပညာရေးကိုဆို သေချာအလေးထားတဲ့ သူဖြစ်နေတော့ သူ့အနာဂတ်အတွက် ရင်တမမ ဖြစ်ရတယ်။ ကိုယ့်စိတ်ထဲမှာတော့ သံပတ်မပေးထားပေမဲ့ ရုတ်ခြည်းဆိုသလို ဒီရက်ပိုင်း ဒီကိစ္စဟာ ထရော်မာကြီးတစ်ခုလို ပေါ်ပေါ်လာတာ။ ဒီနေ့မနက် နိုးလာတော့လည်း ထရော်မာကို အိပ်မက်နဲ့ ကုစားသွားတာ ဟုတ်မနေဘဲ ထပ်တလဲလဲ တွေးလိုက်တဲ့ pattern ဟာ ကိုယ့်ကို စိတ်ထောင်းကိုယ်ကြေ ဖြစ်အောင် လုပ်သွားတယ်။ ခေတ်အခြေအနေအရ ပြောရရင်လည်း လူငယ်တစ်ယောက်ဟာ လက်ခံနိုင်တဲ့ အတိုင်းအတာထက်ပိုပြီး စောက်ရမ်း miserable ဖြစ်ရတယ်လို့။
တစ်နေ့မှာတော့ တို့မောင်နှမတွေ ကိုယ်ကြုံခဲ့၊ ဖြတ်သန်းခဲ့ရတဲ့ odyssey story ကိုယ်စီကို အပြန်အလှန် မျှဝေရင်း ဘဝမှာ အခမ်းနားဆုံး အချိန်တွေ ရှိလာအုံးမှာပါ။