ရေစက်မကုန်သေးတဲ့ နေ့ရက်မြတ်လေးတစ်ရက်

Dear My Crush

ဒီနေ့လေးတော့ ပေါ့ပေါ့ပါးပါးပါပဲ။ မနက်က service အပ်ထားခဲ့တာဆိုတော့ ပြန်သွားယူဖို့ပဲ ကျန်တော့တယ်။ ဒီနေ့လည်း သူနဲ့ထပ်တွေ့ရပါ့မလားလို့ စိတ်ထဲကတော့ တိတ်တခိုးတောင်းဆိုမိတာ အမှန်ပဲ။ မနေ့ကတည်းက သူပြောရှာပါတယ်။ ညနေခြောက်နာရီ MacBook လာယူနိုင်ပါပြီလို့လေ။ ကျနော်လည်း မနက်ဖြန်မှ ထပ်လာတော့မယ်လို့ ပြောလိုက်တော့ သူက OK ka တဲ့။ အဲ့လိုနဲ့ မနေ့ကလိုပဲ အိပ်ရာနိုးလာတော့ Mr James အိမ်ကို သုတ်သီးသုတ်ပျာသွားဖို့ ပြင်ဆင်ရတယ်။ သူ့ကို နိုးပြီလားလို့ စာပို့တော့လည်း Yes အဆင်သင့်ဖြစ်နေပြီတဲ့။ ကိုယ်က အမည်းရောင်ကြိုက်တဲ့အတိုင်း အင်္ကျီအမည်းလက်ရှည် စွပ်၊ ဘောင်းဘီဖြူရှည် ကောက်ကာငင်ကာ ဝတ်၊ running shoe ချက်ချင်းထိုးပြီး လက်ရှိကိုယ်နဲ့ အနီးကပ်ဆုံးမိတ်ဆွေဖြစ်တဲ့ Mr James ဆီကို ရောက်သွားတယ်။ နေတဲ့နေရာ နီးတာကိုမှ ခဏလေးပဲပါပဲ။ ခြေလှမ်းတစ်ရာလောက် လျှောက်လိုက်ရင်ကို ရောက်ပြီ။

ဒီနေ့တော့ မနေ့ကလို တလွဲကြီးဖြစ်မနေလို့ တော်ပါသေးရဲ့။ မနေ့ကဆို Mr James ဆီရောက်တာနဲ့ တစ်ညလုံးဖုန်းကို charged မလုပ်ထားတော့ ချက်ချင်း power off ဖြစ်သွားတယ်။ အဲ့တာအပြင် Mac Cafe ကို သွားဖို့ပြင်တုန်းမှာပဲ ဆိုင်ကယ်နောက်ဘီးက လေလျော့နေတယ်။ အဲ့လိုနဲ့သူက လေသွားထိုးဖြည့်တယ်။ ဆယ်မိနစ်လောက် ကြာခဲ့သေးတယ်။ အဲ့တာနဲ့ သူက sorry တဲ့။ ပြောနေတာကြည့်အုံး။ သူအမှားလုပ်ထားသလိုလို။ တကယ်တမ်းအားနာရမှာက အကူအညီ သွားတောင်းတဲ့ ကိုယ်ဖြစ်နေတာ။ Body shaming လုပ်တာ မဟုတ်ဘူး။ ကိုယ်တိုင်က ကိုယ်ထည်အကြီးကြီးနဲ့ လူတွေဆို အပေါင်းအဖော် မိတ်ဖွဲ့လို့ တော်တော်ကောင်းတာ။ အဲ့လိုမျိုး ကိုယ့်အသိနှစ်ယောက်ဆိုလည်း စိတ်သဘောထား တော်တော်ကောင်းကြတာမျိုး။ ချစ်ဖို့ကောင်းကြတယ်။ အနစ်နာလည်း ခံပေးတယ်။ အဲ့ကြောင့် သူတို့ကိုဆို တန်ဖိုးထားပြီး လေးစားပြရမယ်လို့ အမြဲလိုလို မှတ်ထားရတယ်။

သူကမောင်း၊ ကိုယ်က နောက်လိုက်စီးပေါ့။ မနေ့အတိုင်းဆိုရင် Google Maps မကြည့်ဘဲသွားရတာ တစ်ခုလျော့သွားတယ်ပေါ့။ မနေ့က Maps ကြည့်ပြီး လမ်းထောက်ပြတာက ကိုယ်ဖြစ်နေတော့ တစ်ခုခုမှားသွားသလို ဖြစ်ရင် Mr James ဟာ သိပ်သဘောကျဟန် မတွေ့ဘူး။ CS master student ပဲဟာ။ ဒီဘဲဟာ logical thinking ကောင်းတယ်လို့ ပြောရမလားပဲ။ နောက်ဆုံး junction ကိုရောက်တော့ ကိုယ်က ညာကွေ့ပြောလိုက်တော့ သူက “What” တဲ့။ ဒီလူကလည်း ကြောင်တောင်တောင် ဖြစ်သွားတာပေါ့။ ပြီးမှ ကိုယ်ဘက်က sorry ပြောလိုက်မှ သူတိတ်သွားတယ်။ အဲ့လိုနဲ့ ဆိုင်ရောက်သွားတယ်။ ဆိုင်က ပင်မဆိုင်လားမသိဘူး။ ဝင်လိုက်တာနဲ့ လူလေးငါးယောက်လောက်တော့ တစ်ဖက်ခြမ်းမှာ ရှိနေကြတယ်။ “Can you speak English?” လို့ မေးလိုက်တော့ တစ်ဖက်က respond ပြန်တာ သေချာမကြားလိုက်တော့ဘူး။ ကိုယ်က battery လဲထားတဲ့အကြောင်း ဆက်တိုက်မရပ်ဘဲ ပြောလိုက်တာကိုး။

အထဲကိုကြည့်လိုက်တော့ အရိပ်အယောင်အစလေးကို အမှတ်မထင် တွေ့ရတာပါပဲ။ သူမှ ဟုတ်ရော့ဟုတ်ပါ့မလားလို့တော့ စိတ်ထဲက မေးခွန်းထုတ်လိုက်တာပေါ့လေ။ သူပုံစံနဲ့ တူပါတယ်လို့လေ။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ဆိုပြီး တွေးနေတာကို ပြန်ရုပ်သိမ်းလိုက်တယ်။ ဘာလို့ဆို သူက MAYA ဘက်က ဆိုင်ခွဲမှာ တာဝန်ကျနေတာကိုး။ ဒီဘက်မှာ ရောက်နေဖို့ မဖြစ်နိုင်ပါဘူးလို့လေ။ ချက်ချင်းပဲ သူတို့ထဲကတစ်ယောက်က အထဲဝင်ထိုင်ပြီး စောင့်ပေးပါပြောတော့ အတွင်းခန်းထဲ ဝင်လိုက်တယ်။ Mr James က ကိုယ့်နောက်နေ လိုက်လိုက်မှာပါလို့ တထစ်ချ ကောက်ချချလိုက်တယ်။ အထဲကိုလည်းရောက်ရော ဖုန်းအားဖြည့်ချင်လို့ “You have charging adapter?” ရှိလားလို့ မဆိုင်းမတွ မေးလိုက်သေးတယ်။ ခဏက ဝင်ခိုင်းတဲ့သူက ဘာမှပြန်မဖြေဘဲ ထွက်သွားတယ်။ ကိုယ်လည်း ဘေးနံကြည့်လိုက်တော့ အားသွင်းဖို့ ပလပ်ပေါက်တစ်ခု လွတ်နေခဲ့တယ်။ ဖုန်းအားသွင်းမယ်ဆိုပေမယ့် phone charger မပါခဲ့တော့ MacBook adapter နဲ့ ရသလောက် အားသွင်းမယ််ဆိုပြီးပြင်တော့ မျက်စိရှေ့မှာပဲ သူပေါ်လာတော့တာပါပဲ။

သူ့ကိုမြင်တော့ အံ့သြသွားသလို ရင်ထဲမှာတော့ ပျော်တယ်ပေါ့လေ။ ကိုယ့်အမြင်မှာ ချစ်စရာကောင်းတဲ့ ကောင်မလေးကို ထပ်တွေ့ရတယ်ပေါ့။ အဲ့လိုနဲ့သူက MacBook ပေးပါလို့ ပြောတော့ ကိုယ်လည်း ချက်ချင်းပေးလိုက်တယ်။ Preliminary နေ့ကလို သူပဲ အစအဆုံးတာဝန်ယူပေးတာ ဟုတ်တယ်။ သူ့ကိုကြည့်ရတာ ကြည့်သူ့အဖို့လည်း အင်အားဖြစ်သလို positive vibe ရတယ်လို့ ခံစားမိတယ်။ အခြားသူတွေလို စကားမပြောချင်ပြောချင် ပုံစံမျိုးနဲ့ မဆက်ဆံဘူး။ တစ်ခုခုပြန်ပြောတိုင်း အဲ့ဒီအပြုံးလေးက ပျက်ပြယ်မသွားဘူးရယ်။ အဲ့တာနဲ့ သူ ကွန်ပျူတာတစ်ခုလုံးယူပြီး ဟိုဘက်သွားလိုက်တယ်။ Technician နဲ့ စကားပြောလိုက်ဦးမယ်တဲ့။ ခဏနေ ပြန်ရောက်လာပြီး ညနေခြောက်နာရီ လာယူနိုင်ပါတယ်လို့ ပြုံးပြုံးလေးနဲ့ပြောတော့ ကိုယ်ကတွေဝေသွားတာပေါ့။ ပထမ သူတို့ဆိုင်ဘက်က ပြောတာက တစ်ရက်အတွင်း မရနိုင်ဘူး၊ မပြီးနိုင်ဘူးလို့ ပြောထားတယ်မလား။ ခဏစဉ်းစားလိုက်တယ်။ ပြီးမှ မနက်ဖြန်မှ လာယူတော့မယ်။ အဆင်ပြေလား မေးလိုက်တော့ OK ka တဲ့။ ဒီတစ်ကြိမ်လည်း အတန်ငယ် ပြုံးပြီး ပြောလိုက်တာ ဒီလူက မကြွေဆင်းဘဲ နေရမလား။ ငွေအခုရှင်းခဲ့ရမလားလို့ပါ တစ်ပါတည်း ထပ်မေးလိုက်တော့ မနက်ဖြန်လာမှ ပေးပါတဲ့။ အဆင်ပြေပါတယ်တဲ့။

ဒီနေ့ တတိယမြောက်နေ့မှာလည်း အားတက်သရော ရောက်ခဲ့ပါပြီ။ တံခါးစဖွင့်တော့ ဒီနေ့ လူသိပ်မရှိဘူးဘဲလို့ ထင်လိုက်တယ်။ ညာဘက်အတွင်းဘက်မှာ ကြည့်တော့မှ သူလေးထိုင်နေတာ တွေ့တယ်။ ဟယ်လိုလို့ လက်ကာ နှုတ်ဆက်ပြလိုက်တယ်။ သူလည်းအချက်ပြပေးပြီး မတ်တပ်ထရပ်လာတယ်။ ပြီးတော့ ကိုယ့် computer ကို သူ့လက်ထဲကိုင်ပြီး အထဲဝင်ထိုင်ပါဦးတဲ့။ ဒီနေ့ သူလေး ကြော့ကြော့မော့မော့ ဝတ်စားဆင်ယာထားတာ အိန္ဒြေရှိလိုက်တာပါလားဆိုပြီး စိတ်က ရေရွတ်လိုက်သေး။ ပိုပိုပြီး ချစ်စရာလည်း ကောင်းနေတယ်။ တကယ်တော့ Mr James က သူ့အပြင်မှာ စောင့်နေတာ။ နေပူတယ်တဲ့။ အဲ့လိုနဲ့ သူရောပဲ အထဲဝင်လာတယ်။ ကျနော်နဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်တယ်။ သူလေးကျရင်တော့ ကွန်ပျူတာဖွင့်ပြီး battery information တွေ ကြည့်ပေးပါလို့ ပြပေးတယ်။ ကိုယ်ကလည်း တခြားဟာတွေ မကြည့်တော့ဘဲ battery cycle count 0 ဖြစ်နေတာတွေ့တော့ ရပါပြီလို့ ပြောလိုက်တယ်။ သူလေးကလည်း OK ka လို့ လောကွတ်ကောင်းတာလေးက တကယ် ချစ်စရာလေး။

ကျန်တဲ့ ပိုက်ဆံအကုန် ပေးပြီး ဒါနဲ့ ကိုယ်က လက်မှတ် တစ်ခုခု ထိုးဖို့ လိုသေးလားလို့ ထပ်မေးမှ သူလေးက သတိရသွားဟန်နဲ့ အင်ဟုတ်တယ်တဲ့။ သူလေး စာရွက်ပြင်တုန်း ကိုယ်တွေနှစ်ယောက်က ဘာညာ ပြောနေကြတာပေါ့လေ။ သူလေး ပြန်လာတော့မှ ကိုယ့်လက်မှတ်လေး ထိုးပြီး သူ့ကို စာရွက် ပြန်ပေးလိုက်တယ်။ သူက Line ကနေ ပုံပြန်ပို့လိုက်ပါမယ်တဲ့။ ဒီလိုနဲ့ အချိန်အခါက သူ့ကိုကျောခိုင်းပြီး ဆိုင်အပြင်ထွက်ဖို့ ရောက်လာပါတော့တယ်။ ဒီအတိုင်းတော့ ထွက်မသွားနိုင်ဘူး။ အနည်းဆုံး “Bye Bye” လို့ပြောပြီး သူ့ဘက် ပြန်လှည့်ကြည့်ပြီး နှုတ်ဆက်လိုက်ပါတယ်။ သူကလည်း “Bye Bye” ပါတဲ့။ ဟာဗျာ။ အဆုံးကိုပြောရရင် ရေစက်တွေဟာ ကိုယ့်အလိုမဆောင်ဘဲ ရပ်စဲပစ်လိုက်တာက တကယ်လည်း ခက်ရချည်တယ်မလား။ အိမ်ပြန်ရောက်တော့ Kဇော် ရေးထားတဲ့ ကဗျာတွေ လိုက်ရှာဖတ်ဖြစ်သေးတယ်။

နှင်းတစ်ဝက်၊ မြူတစ်ဝက်နဲ့ သံသရာအဆက်ဆက် မှုန်ဝါးအောင်… မင်းသိပ်လှတာပဲ အိပ်မက်ရယ်။ ထူးချွန်တဲ့ အချစ်ရှိရင် ထူးချွန်တဲ့ အနုပညာက အသာအယာလေး။ ယူတတ်ရင် လောကဓံတရားဆိုတာထဲမှာလည်း လွှင့်ပစ်စရာ တစ်ခုမှမပါဘူး။ ကိုယ့်ဆန္ဒက ကြည်ဖြူရင် သုခလို့လည်း ဘာသာပြန်ကြသတဲ့။ အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေက လှလိုက်တာ ကိုယ့်မှာ တရားနဲ့ ဖြေရတယ်။ ဘယ်ဘဝမှ အပြီးထိ မပြီးပါဘူး။ ရပ်သွားတဲ့ တစ်နေရာမှာပဲ အဆုံးလို့ သတ်မှတ်လိုက်ကြရတာ။ ဘဝချင်း လွဲချော်သည့်အခါ အချစ်သည် ကြင်နာမှုကို ဖြစ်စေ၍ နှလုံးသားချင်း လွဲချော်သည့်အခါ အချစ်သည် နာကျင်မှုကိုဖြစ်စေ၏။

All these short poems are written by K Zaw. To be honest, poetry never spoke to me. But through you, it seems my mind has begun to hear its voice.

Read Next

ကိုယ််စီတစ်ယောက််တစ်နေရာဖြစ်နေကြတဲ့ မွေးချင်းမောင််နှမတွေ အဆက်သွယ်ပြန်ရကြရင်

မိသားစုအသိုက်အမြုံ၊ မွေးချင်းမောင်နှမတွေဆိုတာ ကိုယ့်အတွက် အီမိုရှင်နယ်အရရော၊ မန်တယ်လ်အရပါ support အပေးနိုင်ဆုံး ရပ်ဝန်းတွေပဲလေ။ ဒီရက်ပိုင်းအတွင်းမှာပဲ ညီမလေးနဲ့ အဆက်အသွယ်ရလို့ အရမ်းလည်း ဝမ်းသာသွားရတယ်။

ညီမလေးအတွက် စိတ်ရှိသလောက် ဘာမှလုပ်မပေးနိုင်တဲ့ အခြေအနေကို ဆိုက်ရောက်

ဒီနောက်ပိုင်းတွေမှာ အလိုမကျဖြစ်ရင် မိသားစုအကြောင်းပဲ ဖြစ်တာများတယ်။ ထရော်မာရတဲ့အထိတောင် ဖြစ်ရတယ်။ ဒီမနက်က အိပ်မက်ဆိုးမက်ရင်း နိုးလာတယ်။ အသက်နှစ်ဆယ်စွန်းလာသည့်တိုင် ဘဝမှာ ပူဆွေးသောကရောက်ရတဲ့ အိပ်မက်ဆိုးတွေ မရှိခဲ့ဆိုသလိုပါပဲ။

Subscribe to My Newsletter

Occasional updates on projects, articles, and learning experiences.