ကိုယ််စီတစ်ယောက််တစ်နေရာဖြစ်နေကြတဲ့ မွေးချင်းမောင််နှမတွေ အဆက်သွယ်ပြန်ရကြရင်

မိသားစုအသိုက်အမြုံ၊ မွေးချင်းမောင်နှမတွေဆိုတာ ကိုယ့်အတွက် အီမိုရှင်နယ်အရရော၊ မန်တယ်လ်အရပါ support အပေးနိုင်ဆုံး ရပ်ဝန်းတွေပဲလေ။ ဒီရက်ပိုင်းအတွင်းမှာပဲ ညီမလေးနဲ့ အဆက်အသွယ်ရလို့ အရမ်းလည်း ဝမ်းသာသွားရတယ်။ ဆက်သွယ်မှု ဧရိယာပြင်ဘက်ကို ရောက်နေရရှာတဲ့ သူတစ်ယောက် ဘာတွေများလုပ်နေသလဲလို့ သူ့အကိုဖြစ်တဲ့ကိုယ်ဆို အမြဲလိုလို စိတ်ပူမိတာတော့ အမှန်ပဲ။ တစ်ခုခုအကျိုးအကြောင်းဆိုလည်း သူဖြစ်ပျက်နေတာကို ကာယကံရှင်ဖြစ်တဲ့ သူကိုယ်တိုင်ပြောမှ ကိုယ်တိုင်စိတ်ချတာမျိုး၊ လက်ခံတာမျိုး။ အပြင်လူတွေပြောတာဆို တစိုးတစိမှကို အာရုံမလာတာ။ လူတွေဆိုတာကလည်း ကိုယ်မပါဝင် မကဖူးတဲ့ဇာတ်ကိုမှ ပါဝင်လှုပ်ရှား ကြုံကြိုက်ခဲ့ရသလို တဖွဖွ ပြောနေလိုက်ကြတာများ။ ကိုယ်ရဲ့ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုပါ စော်ကားသွားတဲ့အထိ ဖြစ်လာတယ်။
အစ်မရင်းနဲ့တော့ မကြာမကြာ အဆက်အသွယ် မပြတ်ရှိနေရတယ်။ ကိုယ်ကလည်း နေချင်သလို၊ ဇွတ်လုပ်ချင်သလို ဥပေက္ခာပြုသွားလို့မှ မရတာ။ ရှိတာဆိုလို့ ဒီမောင်နှမတွေပဲ ရှိတာ။ အပြန်အလှန် အားကိုးအားထားပြုနိုင်အောင် နေကြရမယ်လေ။ အိမ်မှာကျန်ရှိနေတဲ့ အဖေနဲ့အမေဆိုလည်း အဲ့လိုဖြစ်စေချင်ကြမှာပဲ။ သားသမီးတွေ ဘဝကောင်းစားဖို့ မခြားမလပ် ဆုတောင်းပေးနေကြမှာ ကျိန်းသေတယ်။ တချို့ဆို မောင်နှမချင်းချင်း တစ်သက်လုံး အခေါ်အပြောမလုပ်ဘဲ နေကြတာ တွေ့ဖူးတယ်။ ကိုယ်တွေက အဲ့လိုအဖြစ်မျိုး မရောက်ချင်ဘူး။ အဖေတို့ မိသားစုမှာဆိုလည်း မိသားစုကသာကြီးတာ မောင်နှမတွေ ချစ်ချစ်ခင်ခင် နေကြတယ်။ အဲ့တာကို စံနမူနာယူဖွယ်တစ်ခုလို ကိုယ်ဆို မှတ်လည်းမှတ်သားတယ်။ အဲ့ကြောင့် ပတ်ဝန်းကျင်မှာဆိုလည်း အဖေတို့မိသားစု ဂုဏ်သတင်းဟာ မွှေးကြိုင်တယ်။ Integrity ကောင်းတဲ့ မိသားစုဆွေမျိုးလို့ သမုတ်တာခံရတယ်။ ကိုယ်ငယ်ငယ်ဆိုရင် ဦးထွန်းမြိုင်သားပါလို့ပြောရင် မျက်နှာပန်းလှတာမျိုး။ အခုထိလည်း favor ပေးခံရတတ်တယ်။
ဇန်နဝါရီ 30 နေ့ကပဲ ညီမလေးဟာ ဘယ်နေရာကိုရောက်လာတာလဲမသိ။ အသိအကိုတစ်ယောက်က ကိုယ့်ကို လိုင်းတက်နေတယ်ဆိုပြီးပြောလို့ ကိုယ်လည်းချက်ချင်း messenger ကနေ စာပို့လိုက်တယ်။ သူနဲ့အဆက်အသွယ်မရတာ ရက်တစ်ရာလည်း ကျော်သွားပြီမလား။ အဲ့တာနဲ့ ကိုယ်ကလည်း ပြောချင်ဇောဟာ အရှိန်အဟုန်နဲ့ ဖြစ်သွားတယ်။ သူ့ဘက်က မီးစိမ်းတော့ပြနေတယ်။ ချက်ချင်းစာမပြန်ပါလားဆိုပြီး audio call နှစ်ကြိမ်ခေါ်တာလည်း မကိုင်ဘူး။ အဲ့လိုနဲ့ အမကိုမေးကြည့်တော့မှ သူနဲ့စကားပြောနေတာတဲ့လေ။ အဲ့လိုနဲ့ သုံးယောက်လုံး တူတူပြောရအောင်ဆိုပြီး group တစ်ခုထပ်ဖွဲ့ပြီး ပြောဖြစ်ကြတယ်။ အဲ့တာလည်း ကောင်းကောင်းမပြောလိုက်ခဲ့ရပါဘူး။ ညီမလေးဘက်ကလည်း တစ်အောင့်တစ်နားကြာတော့ လိုင်းပေါ်က ဆင်းသွားပုံရတယ်။ Reply မပြန်တော့ဘူး။ နောက်မနက်မိုးလင်းတော့မှ သူစစာပို့တာ အသံမြည်လို့ ကြည့်လိုက်တာနဲ့ သူပြန်ပို့တာ ဖြစ်နေတယ်။ ဘာဖြစ်ဖြစ် မနက်ပိုင်းမှာ နေ့စဥ်လုပ်နေကျဟာတွေကို နောက်ဆုတ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
တကယ်တော့ ဒီနောက်ပိုင်း ကိုယ်အိပ်ရာထတာက ကိုးခွဲလောက်မှ ထတာ။ ဒါပေမဲ့ ညီမလေးနဲ့ အခုလို အဆက်အသွယ်ရဖို့ဆိုတာ မလွယ်ကူမှန်းသိလို့ ဖုန်းကောက်ကိုင်လိုက်တယ်။ အဲ့တာနဲ့ messenger ကနေ စာတွေပို့ပြီး စကားတွေ သေချာပြောဖြစ်ကြတယ်။ Audio နဲ့ ပြောချင်တာပေါ့။ ညီမလေးတို့ဘက်က လုံခြုံရေးအရ တင်းကျပ်တာတွေရှိနိုင်တယ်လို့ မခေါ်ဖြစ်လိုက်တော့ဘူး။ ဒါပေမဲ့ ကိုယ်သိချင်မေးချင်တာတွေလည်း စာပို့မေးလိုက်ရတော့ အရင်က မတင်မကျဖြစ်နေတဲ့ဟာတွေ၊ သူ့အတွက် သောကရောက်ရတာတွေ ဒုံးဒုံးကျသွားတယ်လို့ ဆိုရမယ်။ အဲ့နေ့တစ်နေ့ခင်းလုံးက သူနဲ့ သေချာဆက်တိုက်ပြောလိုက်ရတယ်။ ကိုယ့်မှာလည်း တခြားမီတင်ကိစ္စတွေ ရှိနေသေးတာတော့ ဟုတ်တယ်။ ဒါပေမဲ့လို့ ကိုယ်ချစ်ရတဲ့သူတွေကို ပိုပြီး priority ပေးရမှာပဲပေါ့။ ဒီမောင်နှမတွေက ကိုယ့်အတွက် အရေးပါတဲ့လူတွေလေ။ သူတို့ကို အချိန်ပေးရမှာပေါ့ မဟုတ်လား။ ခေတ်အခြေအနေအရဆိုရင် ဒီကာလတွေမှာ ညီမလေးဟာလည်း တော်တော် ရုန်းရင်းဆန်ခတ် ဖြတ်သန်းခဲ့ရမှာဆိုတာ သိတယ်။ အဲ့တော့ သူ့ရဲ့အကိုတစ်ယောက်အနေနဲ့ အကောင်းဆုံးရှိနေပေးရမယ်။
အငယ်ဆုံး မိန်းကလေးတစ်ယောက်အနေနဲ့ အားငယ်နွမ်းနယ်ရတဲ့ အချိန်တွေ ရှိခဲ့မှာပဲ။ အကြီးနှစ်ယောက်ဖြစ်တဲ့ ကိုယ်တွေက ဝန်းရံပြီးမှ အားပေးရမယ်။ အပြုသဘောဆောင်ပြီး စကားတွေ ပြောပေးရမယ်။ သူ့ပြောလိုတာတွေကို များများနားထောင်ပေးတတ်ရမယ် မဟုတ်လား။ သူ့ခံယူချက်၊ ဖြစ်တည်သွားမှု၊ ရွေးချယ်မှုကို ကိုယ်ကအသိအမှတ်ပြုပေးရမယ်။ အဓိကတော့ဖြင့် သူ့စိတ်ပိုင်းဆိုင်ရာမှာ သိမ်ငယ်မသွားဖို့က အရေးကြီးဆုံးပဲ။ အဆိုးဆုံးကတော့ မောင်နှမသုံးယောက်လုံးရဲ့ ပညာရေးတွေဟာ လမ်းခုလတ်တစ်နေရာမှာ မဆိုစလောက် တစ်စိတ်တစ်ပိုင်းတွေအဖြစ် ကျိုးပဲ့သွားကုန်တယ်။ နောင်မှာဖြာဆင်းလာမယ့် အလင်းရဲ့သေဆုံးမှုတွေအလား မမျှော်လင့်ပဲ မှေးမှိန်သွားရတယ်။ အမေ့အတွက်ဆို သူပုံသေတွက်ချထားခဲ့တဲ့ အနာဂတ်ပုံရိပ်သုံးခုလုံးဟာ ကျိုးတိုးကျဲတဲတွေ ဖြစ်ကုန်ပြီး အရင်လို မပီမသ၊ မပြတ်သားတော့ဘဲ ဝိုးတဝါးတွေ ဖြစ်သွားရတယ်ပေါ့။ ဒါပေမဲ့ သူ့သားသမီးတွေက အဲ့တာကို လက်မခံဘဲ ဒေါနဲ့မောနဲ့ ဆန့်ကျင်နေကြတယ်။ အထူးသဖြင့် အငယ်ဆုံးသောသူကို ပိုချီးမြှောက်အုံးမယ်လို့ ကိုယ်ကတော့ ယုံကြည်ထားတယ်။ သူ့ရဲ့ golden days ရောက်လာအုံးမှာ ဆိုတာကိုလေ။
အဲ့တော့ မောင်နှမတွေ စကားလက်ဆုံကျရင် သာကြောင်းမာကြောင်း သိပ်ပြောဖြစ်ကြတာ မဟုတ်ဘူး။ သီချင်းအကြောင်းပြောမယ်။ စာအုပ်အကြောင်းပြောကြမယ်။ ဟိုတစ်ခါက ပို့လိုက်တဲ့ e-book တွေ အကုန်လုံးကို ညီမလေးက ဖတ်ပြီးပြီပြောတော့ ဒီတစ်ခါတော့လည်း ထပ်ပို့လိုက်တယ်။ ခုနစ်အုပ်လောက်တော့ ဖြစ်မယ်ထင်တယ်။ ကိုယ်ကသာ မဖတ်ရသေးတာ။ သူ့ကို ဖတ်စေချင်လို့ Murakami ရဲ့ “1Q84” ရယ်နဲ့ မသီတာစမ်းချောင်းရဲ့ “ဟားဗတ်” ပြီးတော့ သီရိဇွန်ရဲ့ “ကိုယ်ပိုင်ဖတ်စာ” သုံးအုပ်ကို အဓိကထား ပို့လိုက်တယ်။ တခြားစာအုပ်တွေလည်း ပါသေးတယ်။ အဲ့ထဲက နှစ်အုပ်လောက်တော့ သူဖတ်ပြီးပြီတဲ့လေ။ တစ်ခါတလေတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း သူ့ကို ပုံသွင်းသလို ဖြစ်မိလေသလားလို့ မေးခွန်းထုတ်မိတယ်။ အမှန်ဆို ကိုယ်မှမဟုတ်တဲ့ သူတွေကို ဘာလုပ်ပါညာလုပ်ပါလို့ စေ့ဆော်မှုတစ်စုံတစ်ရာ ပြုရတာကိုလောက် စိတ်ခါးတာမရှိဘူး။ တယ်လည်း သဘောကျတာ မဟုတ်ဘူးရယ်။ အထူးသဖြင့် တစ်ဖက်က လိုလိုချင်ချင် ပြောင်လဲလိုတဲ့ စိတ်ခံဓာတ် ရှိပါတယ်ဆိုတာကို မမြင်ရ၊ မသိရဘဲနဲ့ပေါ့။ သူရဲ့ ရိတ်သိမ်းရတဲ့ကာလဆိုတာ သူ့ကိုယ်ပိုင်လက်ဝယ်ထဲက ကြီးထွားလာတာမျိုး ဖြစ်ရမယ်။
သူ့အမကျတော့ ကဗျာတွေရေးတယ် ထင်တယ်။ ညီမလေးကို ကဗျာတွေပို့ချင်တယ်ဘာညာ ကိုယ့်ကိုလာပြော။ သူရေးထားတာလည်း အသုံးအနှုန်းတွေ မိုက်သားပဲ။ ပြီးတော့သူအစ်မက ဘာသာရေးကိုင်းရှိုင်းတော့ ဘုရားတရား၊ သမ္မာကျမ်းစာနဲ့ပတ်သက်တာတွေ သူ့ညီမကို ခြွေတာမြင်ရတယ်။ သွန်သင်တာတွေလည်း ပါတာပဲ။ ဒီကိစ္စကျတော့ ကိုယ်ဘာမှဝင်မပြောဘဲ နေလိုက်တယ်။ ဒီနောက်ပိုင်းမှာ ကိုယ့်အနေနဲ့ existentialism အဖြစ်နဲ့ လက်ရှိဘဝကို ဖြတ်သန်းနေတာဆိုတော့ အဲ့လိုမျိုးဟာတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ၊ စိတ်ထိခိုက်စရာတွေ ဘာမှမလုပ်ချင်တာလည်း ပါတာပေါ့။ ကိုယ်အယုံအကြည်မရှိရင်လည်း နေပါစေ။ တစ်ခြားသူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေအပေါ် ဝင်ရောက်စွက်ဖက်တာမျိုးကို လုံးလုံးမလုပ်ချင်တော့တာ။ ဒါပေမဲ့ နောင်မှာတော့ မပြောတတ်ဘူးပေါ့။ ကိုယ်လည်း တစ်မျိုးတစ်ဖုံအဖြစ် မပြောင်းလဲသွားနိုင်ဘူးလို့ အာမခံလို့မရဘူး။ လူဆိုတာ formlessness အဖြစ်ဆုံး သတ္တဝါပဲလေ။ ဘယ်လောက် ကျိုးကြောင်းဆီလျော်မှုရှိအောင်နေနေ အစဥ်လိုက်သွားလို့မရတဲ့ ဘဝရေစီးကြောင်းမှာ ကိန်းသေပေါက်တွေကို ဘာလို့စိတ်နှစ်ထားမှာလဲ။ ဖွင့်ထားတဲ့စိတ်ကို မွေးပြီး ရယ်ကျဲကျဲနဲ့ ဘဝကို ဖြတ်သန်းမပေါ့။
အဲ့တော့ မောင်နှမတွေအားလုံး ပြန်အဆက်အသွယ်ရတော့လည်း စိတ်ထဲမှာတစ်မျိုးတော့ ပျော်တာပေါ့လေ။

ဒါနဲ့ အိမ်မှာ ဖူးဖူးမှုတ်နေအောင်် ချစ်ခံရတဲ့သူက ကိုယ််နော်။