မိသားစုဆိုတာဟာလည်း ကိုယ့်ရဲ့ northern star တစ်ခုပဲ

ဖေဖော်ဝါရီဆယ်ရက်နေ့က အဖေအမေတို့နဲ့ အဆက်အသွယ်ပြန်ရတယ်။ ဒီတစ်ခါ ရှေ့အခေါက်တွေတုန်းကလို တော်တော်ဝေးတဲ့နေရာတစ်ခုကို ဆိုင်ကယ်နဲ့သွား၊ ပိုက်ဆံအများကြီးပေးရပြီး telecom operator နဲ့ ခေါ်တာမဟုတ်။ ပုံမှန်ဆို သူတို့ဘက်က ကိုယ့်ကိုခေါ်မှ အဆင်ပြေတာ။ ကိုယ့်ဘက်ကနေ စခေါ်ဖို့ဆိုရင် လက်ရှိမှာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ့နေ့တော့ video call ပါဖွင့်ပြီး ကောင်းကောင်းကြီးကို စကားပြောလိုက်ရတယ်။ ဘာလို့ဆို အကြောင်းရင်းက အဖေရောအမေရော ညီမလေးကို တွေ့ဖို့လာကြတာတဲ့။ ညီမလေးရောက်နေတာလည်း လောလောဆယ် ခေတ္တပဲ ရောက်နေတာ။ ဆေးစစ်ဖို့ဆိုပြီး ပို့ထားခံရတာ။ ရွာနဲ့လည်း သိပ်အဝေးကြီး ဖြစ်ပုံမရဘူး။ အဲ့ကြောင့် အဖေတို့ဆိုင်ကယ်မောင်ပြီး သူ့ကိုလာတွေ့နိုင်တာ။ အဲ့တာနဲ့ ညီမလေးဖုန်းကတစ်ဆင့်ခေါ်ပြီး မိသားစုအကုန်လုံး စကားတွေ ပြောဖြစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် live မျက်နှာမမြင်ရတာ ဘယ်နှစ်လကြာသွားပြီလဲဆိုတာတောင် မမှတ်မိတော့ဘူး။
မိသားစု reunion ဆိုတာက မပြောပါနဲ့အုံး။ အခုလို မိသားစု စုံစုံလင်လင် အဆင်အသွယ်ရဖို့ဆိုတာတောင် လွယ်ကူကြတာမဟုတ်ဘူး။ တကယ်ကို ခဲယဥ်းဆိုးယဥ်း ကြုံနေကြရတဲ့ အခြေအနေပါ။ အကုန်လုံး သူ့မျက်နှာကိုယ့်မျက်နှာ အပြန်အလှန် မြင်ရတော့ ဝမ်းသာအားရ ဖြစ်ကြတာပေါ့။ အဓိကတော့ အမေဖြစ်မယ်ထင်တယ်။ ကိုယ်ကတော့ အမေ့ကိုမြင်ချင်းမှာပဲ နေကောင်းကြရဲ့လားလို့ ဦးစွာပနာမ မေးဖြစ်တယ်။ ဒီနောက်ပိုင်း အမေ့ကျန်းမာရေး ချူချာလာတယ်မလား။ အဲ့တော့ ကိုယ်ကလည်း အမေ့အတွက် စိုးရိမ်ကြောင့်ကြရတယ်။ ပူပန်ရတယ်။ အမေတစ်ခုခုဖြစ်မှာကို ကြောက်ရတယ်။ အမေ့ကို မြင်ရတာဟာ ကိုယ်အိမ်မှာရှိနေခဲ့တုန်းကလိုမျိုး တူညီတဲ့ မျက်နှာကြည်လင်မှု၊ စိတ်ချမ်းသာမှု မရှိတာကတော့ အရမ်းသိသာတယ်။ နှစ်တွေလည်း တစ်နှစ်ပြီးတစ်နှစ် ချို့သွားခဲ့ပြီမလား။ ကိုယ်တွေလည်း အရွယ်တစ်ခုရောက်လာသလို အမေသည်လည်း အရွယ်ကိုရင့်မာစေတဲ့ သက္ကရာဇ်ကိန်းဂဏန်းတွေကို ဖြတ်သန်းရတဲ့သူပဲလေ။ အမေနဲ့ပတ်သက်ရင် ကျန်းမာနေကောင်းတယ်ဆိုတဲ့ သတင်းကောင်းပဲ ကြားချင်မိတာ မဟုတ်လား။
သူပြောတာကတော့ အရင်ကထက်စာရင် ပိုသက်သာလာတယ်လို့ပဲ ပြောတာပဲ။ ကျောက်ကပ်ရော အစာအိမ်ရောပါဖြစ်နေလို့ ဆေးသောက်ရင်တော့ သက်သာပါတယ်လို့ ပြောရှာတယ်။ သူ့သားသမီးတွေ ဝမ်းနည်းပက်လက်ဖြစ်သွားမှာစိုးလို့ တော်ရုံတန်ရုံဖြစ်တဲ့ သဘောမျိုးနဲ့ ပြောတာမဟုတ်ပါစေနဲ့လို့ ကိုယ်ကတော့ စိတ်ထဲဆုတောင်းမိတယ်။ ဒါပေမဲ့ ဝေဒနာမှန်ရင် ချက်ချင်းကု၊ ချက်ချင်းပျောက်တာမဟုတ်တော့ အမေ့အတွက် စိတ်ပူရတာတော့ အမှန်ပဲ။ အဲ့လိုနဲ့ ခဏလောက် စကားပြောရင်းနဲ့ပဲ သူတို့ဘက်က လိုင်းကျသွားတယ်။ အစ်မကျတော့ လိုင်းပေါ်မရှိသေးလို့ သူမပြောလိုက်ရဘူး။ ခဏလောက်ထပ်ကြာမှ သူ့တို့ဘက်က ထပ်ခေါ်တယ်။ ချက်ချင်းကိုင်လိုက်တယ်။ သားဖသုံးယောက် ထမင်းစားဖို့ ထမင်းဆိုင်သွားကြတာတဲ့။ အစ်မကိုလည်း group call ဖြစ်အောင် ထည့်လိုက်တယ်။ လူစုံတက်စုံ ဖြစ်သွားတော့ စပ်မိရာရာ ဟိုအကြောင်းမေး၊ ဒီအကြောင်းမေး၊ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောနဲ့ မိသားစုကြားဖြစ်နေတဲ့ ကွာဟနေတဲ့ emotional gap ဟာလည်း ပြန်ဆက်သွားဟန် တူပါတယ်။ မိသားစုဆိုတဲ့ အနွေးဓါတ်မီးတောက်လေး ပြန်နိုးထသလို ခံစားမိလာတယ်။
အကုန်လုံး ရွှင်မြူးမြူးနဲ့ ပလီပလာ ဖြစ်သွားကြတယ်။ အမေ့မျက်နှာလည်း အစောပိုင်းတုန်းထက်စာရင် ပိုလန်းဆန်းသွားတယ်။ စိတ်ကျေနပ်သွားပုံရတယ်။ သူက အရမ်းသတိရနေတာတဲ့လေ။ သားသမီးဖြစ်တဲ့ ကိုယ်တွေလည်း ကျန်းမာရေးပိုဂရုစိုက်ပြီးနေဖို့ရယ်၊ တစ်နေ့ မိသားစုပြန်ဆုံကြမှာဖြစ်ကြောင်း နှစ်သိမ့်စကားပြောရင်း ဝမ်းသာပီတိဖြစ်ရပါတယ်။ အဲ့ထဲမှာ ဘာမှသေချာဝင်မပြောတာက အဖေပဲ။ အဖေက တော်တော်အေးတိအေးစက်နိုင်လွန်းတဲ့သူ။ သူ့အနေနဲ့လည်း ချစ်ကြောင်း၊ သတိရကြောင်းကို သားသမီးရှေ့မှာ ထင်သာမြင်သာအောင် မဖော်ပြတတ်လို့လားမသိ။ အဝေးရောက်နေတဲ့ ကိုယ်တွေအတွက်ဆို ရှေ့အဆက်အသွယ်ရတုန်းကလည်း ထွေထွေထူးထူး စကားရှာပြီးတောင် မပြောတတ်သူ။ တစ်ဖက်မှာ သားသမီးတွေ သူ့လမ်းကြောင်းနဲ့သူ ရင့်ကျက်လာကြလို့လည်း ဖြစ်နိုင်ပါတယ်။ အဖေရဲ့ဗီဇကိုက အဲ့လိုဖြစ်နေတာ။ အင်မတန် ရိုးအတဲ့လူကြီးပါ။ သူ့ဆီကနေ သူစိမ်းဆန်မှုလေးဟာ ကိုယ်တွေအပေါ် မသိမသာ ပါလာပေမယ့် အဖေဆီမှာရှိတဲ့ ရိုသားဖြောင့်မတ်မှုဟာ ကိုယ့်အတွက်ဆို အမြဲအတုယူစရာမဟုတ်လား။ အဲ့လိုနဲ့ နည်းနည်းလေးပဲ ဝင်ပြောတယ်။ အမေနဲ့ဆို ဆန့်ကျင်ဘက်ကြီးပေါ့။
တအောင့်ကြာတော့ သူတို့လည်း အိမ်ပြန်ရတော့မယ်တဲ့။ အဲ့တာနဲ့စကားပြောတာ ရပ်လိုက်တယ်။ အနည်းဆုံး မိသားစုအားလုံး အဆက်အသွယ်ရတာကိုက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် တော်တော်အထောက်အကူပြုတယ် ဆိုရမှာပဲ။ ပြီးတော့ အဘက်ဘက်က ကျပ်တည်းလာတဲ့ကာလမှာ ကိုယ့်လိုလူငယ်တစ်ယောက်အနေဖြင့် ရည်းမှန်းချက်တွေ ဝေဝါးပြီး လမ်းပျောက်ဖို့၊ လေလွင့်နေဖို့က အခွင့်များတတ်သလို စိတ်ကိုဗရမ်းဗတာဖြစ်အောင် လွတ်လပ်ခွင့်ပေးလိုက်ဖို့က သတိလွတ်တတ်တယ်လေ။ အဲ့တာကြောင့် အရင်လို မိသားစုဝင်တွေနဲ့ သိုက်သိုက်ဝန်းဝန်းမနေရပေမယ့် ရေမြေခြားအရပ်တွေမှာ ဘဝရပ်တည်ရေးအတွက် ဦးစားပေးနေရတဲ့အခါ ပေါ့တိပေါ့ဆနေသွားလို့မှ မရတာ။ အဲ့တော့ ရှေ့ရက်ထဲ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရလိုက်တာက ကိုယ့်အတွက်ဆို တစ်နည်းနည်းနဲ့ အကျိုးရှိတယ်။ ဘာလို့ဆို မိသားစုဆိုတဲ့ အသိုက်အမြုံကပဲ ကိုယ့်လိုလူငယ်တစ်ယောက်အတွက် လမ်းမမှားရအောင် ကိုယ်မသိလိုက်ပေမယ့် နောက်ကွယ်က ထိန်းကွပ်ပေးသွားတာတွေရှိတယ်။
လုပ်စရာရှိတာကို ဖိဖိရိရိ လုပ်လာနိုင်အောင် ကွပ်ကဲပေးတဲ့ တွန်းအားတစ်ခု ရှိနေစေတယ်။ စိတ်ထွက်ပေါက်ဆိုပြီး ခြေဦးတည်ရာ သိပ်မိုက်မိုက်ကန်းကန်း ဇွတ်မတိုးဝင်မိတော့ဘူး။ ဆုံးဖြတ်ချက်တွေလည်း မိသားစုအနေထားအရ ငဲ့ကွက်ပြီး ချင့်ချိန်ချတတ်လာတယ်။ ပြီးစလွယ်ဆိုတာ နည်းလာတယ်ပေါ့။ မိသားစုဝင်တွေအပေါ် ဖေးမရမယ်အသိနဲ့ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေဖို့ အမြဲသတိချပ်ဖြစ်လာတယ်။ ဆိုတော့ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ လုပ်စရာရှိတာကို အပြီးသတ်နိုင်လာတယ်။ အနည်းဆုံး အခြေအနေတစ်ခုကို ရောက်ရမယ့်အချိန်မှာ တပြေးညီရောက်နှင့် လာမယ်ပေါ့။ ဒါကြောင့် ကိုယ်ကမိသားစုနဲ့ အတူရှိမနေရတောင် မိသားစုဝင်တွေနဲ့ အဆက်အသွယ် မခြားမလပ် ထားရှိနိုင်တာက အကောင်းဆုံးပေါ့လို့ ခံယူတယ်။ တချို့သော ခက်ခဲတဲ့ ဘဝအချိုးအကွေ့တွေမှာ ကိုယ့်ဘဝကို ပြန်တည့်မတ်အောင် လုပ်ပေးနိုင်တာဆိုလို့ မိသားစုဆိုတဲ့ လူအနည်းစုပဲရှိတယ်။ အဲ့တော့ မိသားစုဆိုတာဟာလည်း ကိုယ့်ရဲ့ northern star တစ်ခုပဲ။