ဘဝကိုတန်အောင် ဘယ်လိုနေမလဲဆိုတဲ့ မေးခွန်းက ကိုယ့်ခေါင်းထဲ တိုးတိုးတိတ်တိတ် ဝင်လာတယ်
ကိုယ့်ရဲ့အသိဉာဏ် အသိုက်အမြုံတွေ ခဏခဏ ပြိုကွဲဖူးတယ်။ အတွေးခေါ်ခံယူချက် ခြေထောက်တွေ ယိုင်လဲဖူးတယ်လို့ပဲ မှတ်ကြပါ။ အဲ့တော့ ဘဝမှာ ဖြစ်ပျက်နေတာတွေကလည်း ကိုးရိုးကားရားတွေချည်းပဲ။ လူ့ဘောင်အတွင်းမှာလည်း အံဝင်ခွင်ကျ မနေတတ်တော့ တစ်ယောက်တည်းသင်းကွဲနေသေးတယ်။ စကားပြောဖော်ဆိုလည်း နီးနီးကပ်ကပ် မရှိဘူး။ တစ်ခုခုဆို စာချရေးပြီး ကိုယ့်ကိုကိုယ် ဖွင့်ထုတ်လို့ရတာ တစ်ခုပဲရှိတယ်။ ဒီနေ့ဆို တော်တော့်ကို လေးပင်တာ။ စိတ်ရောကိုယ်ပါ ဗြောင်းဆန်ကုန်ရော။ အရင်တုန်းက ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်တွေ၊ ထိုးနက်ချက်တွေဟာ ရင်ဘက်ထဲထိ ပြန်အလှိုက်လှိုက် တက်လာသလိုမျိုး။ အဲ့အနာတရလေးကို ဦးနှောက်က rewire လုပ်တာ၊ ဇွတ်မှတ်မိနေတာကြောင့်ပဲ အဲ့လိုပြန်ဖြစ်တာလို့ ကိုယ်ကတော့ စိတ်အထင်ရှိတယ်။ ဗန်ဂိုးလိုလို၊ ထူးအိမ်သင်လိုလို အမြဲဒရာမာခင်းတာတော့ မဟုတ်ဘူး။ ကိုယ်က ကိစ္စကြီးငယ်မဆို ရင်မဖွင့်တတ် ကြိတ်မှိတ်ခံစားတတ်တဲ့ လူမျိုး။ ရင်ဖွင့်စရာလူတွေ မရှိတာမဟုတ်ဘူး။ ဘာလို့ဆို ဒီနောက်ပိုင်း အထိုင်ကျနေတဲ့ဟာဖြစ်ဖြစ်၊ တဒင်္ဂဟာဖြစ်ဖြစ် စုပြုံကျရောက်လာတဲ့ အတွေးအခေါ်အများစုကို စာရေးပြီး မှတ်တမ်းတင်ထားချင်တယ်။
ဘဝမှာ တချို့ခါးသီးစရာတွေကို ဖြစ်တယ်ဆိုတာမျိုးကလည်း စိတ်ချောက်ချားပြီး ထင်ယောင်ထင်မှား ဖြစ်နိုင်တာပဲလို့ တွက်ချက်စရာ ရှိလာတယ်။ ကိုယ်အရမ်းကြိုက်တဲ့ quote တစ်ခုအရဆိုရင် လူတွေမှာ ပစ္စုပ္ပန်ကျကျ ကြုံရတဲ့ပြဿနာဆိုတာ တကယ်တမ်းမှာ လက်ချိုးရေလို့ရတယ်တဲ့။ တနုံ့နုံ့ဆွသလို ပူလောင်ရတယ်ဆိုတာကလည်း အတွေးထဲမှာ ပုံဖော်တာများသွားလို့ပဲတဲ့။ တကယ် reality ကြီးကျ အဲ့လောက်မဟုတ်ဘူး။ အဲ့တာနဲ့ ပတ်သက်ပြီးလည်း ဒီနှစ်တွေထဲမှာ ဒူပေနာပေခံနိုင်စွမ်း ဘယ်လောက်အားကြီးခဲ့တယ်ဆိုတာ ကိုယ်အသိဆုံးပဲလေ။ အမှုကိစ္စတော်တော်များများကို ဖြေရှင်းသွားတဲ့အခါလည်း အတိုင်းအတာတစ်ခုထိ ဆရာကျခဲ့တယ်လို့ ပြောရင်လည်း မှားမယ်မထင်ဘူး။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ဘဝကို ကောင်းကောင်းကြီး သိတာမို့ပါ။ အဲ့ကြောင့် ကိုယ်ဟာ ဒီထက်စောက်ရမ်းအဆင်ပြေတဲ့ဘဝကို ပိုင်ဆိုင်သွားရရင်လည်း ဖြတ်သန်းတတ်မှာမဟုတ်ဘူး။ တကယ်။
ဘာလို့ဆို ဘဝဟာ စိန်ခေါ်မှုတွေ ခရီးဦးကြိုနေမှ ဖြတ်သန်းရတာ ဘဝင်ကျဖို့ကောင်းတာ မဟုတ်မလား။ တဖက်သတ်ကြီး အမြဲတမ်းချိုမြိန်နေရင် ဘယ်ရင်ခုန်စရာ ကောင်းပါ့မလဲ။ အကွဲအပြဲလေးတွေ ကြုံဖူးမှ၊ ဟာမိုနီမဖြစ်မှုတွေ ရှိမှ၊ bitter ဖြစ်တဲ့ စိတ်ထောင်းကိုယ်ကြေဖြစ်တာလေးတွေ ပါလာမှ ဘဝအဓိပ္ပာယ်လည်း ဖွင့်ဆိုရတာ လေးနက်မပေါ့။ ကိုယ်ဆို imposter syndrome လိုလို၊ depression panic လိုလို၊ miserable ဖြစ်ရတဲ့ကာလကိုလည်း ဖြတ်ကျော်ဖူးပြီ မဟုတ်လား။ တကယ်က အခုလည်း ဖြတ်ကျော်နေရတုန်းပဲ။ ဒီနေရာမှာ ကိုယ့်ကိုကိုယ်သိနားလည်လာတာက ငါဟာ လောကဓံလှိုင်းတံပိုးတွေအထက်မှာ ဆက်ရွက်လွှင့်နိုင်တာဟာ ငါ့ကိုငါ မုန်းတီးစိတ်ကြောင့်ပါလားဆိုတဲ့ အဓိကအကြောင်းရင်းခံကြောင့်ပဲ။ အပေါ်ကပြောခဲ့သလိုဆိုရင် ပြောင်းပြန်ကြီး ဖြစ်နေသလားလို့။ အလိုမကျမှုတွေကြားမှာ လိမ်ဖည်လိမ်ဖည်သွားရင်းနဲ့မှ အရွေ့တစ်ခုလို လိုက်ပါခံစားနေရတာပါလား ဆိုပြီးလေ။ တကယ်တော့ ကိုယ်ဟာ အားအင်တွေညှစ်ထုတ်ရင်းသာ နေ့ရက်တွေ ကုန်ဆုံးသွားတာ။ ဘယ်ကိုမှ ပေါက်ပေါက်မြောက်မြောက် မရွှေ့သွားခဲ့ပါဘူး။
ရွှေ့တယ်လို့ ထင်ရအောင်လည်း မဆိုစလောက်ပဲ ရှိသေးတယ်။ 2022 ကနေစပြီးတော့ အခုချိန်ထိ ကိုယ့်ကိုကိုယ်ဝေဖန်တိုက်ခိုက်မှု၊ စေခိုင်းမှုတွေဟာ ကိုယ့်ဘဝကို ပိုပြီးလေးလံထိုင်းမှိုင်းစေခဲ့ပြီ မဟုတ်လား။ ထပ်ပြောရရင် ကိုယ်ရဲ့အသုံးမကျမှုတွေကို သင်ပုန်းပြန်ချေနိုင်အောင်လည်း စိတ်တန်ခိုးမကြီးခဲ့ဘူး။ ဘဝကို စည်းကမ်းကျင့်ဝတ်တွေ သေချာသတ်မှတ်ပြီး ဖြတ်သန်းနိုင်လားဆို no ဖြစ်တုန်းပဲ။ အကျင့်ဆိုးတွေဖျောက်မှ လူဟာနောက်တစ်ဆင့်ရောက်ကြတယ်လို့ pop literature မှာ သုံးနှုန်းကြတယ်မလား။ လက်ရှိကိုယ့်ရဲ့အမြင်ကတော့ အဲ့တာမမှန်ဘူးလို့ motivated reasoning ကြောင့် ချေပချင်တာ မဟုတ်ဘူး။ ကိုယ်တိုင်ခံစားရတာက အကျင့်ကောင်းပဲမွေးမွေး၊ အကျင့်ဆိုးပဲဖြစ်ဖြစ် ဖယ်ထုတ်ပစ်လိုက်ရင် authentic မဖြစ်ဘဲ ကိုယ်မဟုတ်တဲ့လူလိုမျိုး ခံစားရတာကိုက ပြဿနာ။ စောက်ငရဲကျသလိုပဲ။ အဲ့လိုနေထိုင်မှုပုံစံနဲ့ ဖြတ်သန်းရရင် လူက ပိုပိုပြီး drain လာတယ်။ Creativity ဆိုလည်း ထိုးစိုက်ကျရော။ ပြီးတော့ စိတ်တွေက ညစ်ထည်းသထက် ညစ်ထည်းလာတာ အဆိုးဆုံးပဲ။ Discipline လို့ကြားမိရင် အဲ့တာဟာ ကိုယ့်အတွက် တကယ် bad monster ပဲ။ ကိုယ့်ကို စောက်ရမ်းခြောက်ကပ်စေတာကိုး။
နောက်ထပ်ဆိုးတာတစ်ခုက ဒီရက်ပိုင်းမှာ တော်တော်နဲ့ အိပ်မပျော်တဲ့ကိစ္စ။ အိပ်မပျော်လို့သာ နားလည်လွယ်အောင် ရေးလိုက်တာ။ ကိုယ်ဟာ အိပ်ဖို့ကို အကြွေးတင်နေတဲ့လူလို့ပြောရင် ပိုမှန်မယ်ထင်တယ်။ code ရေးလိုက်၊ ဟိုဟာစမ်းလိုက်နဲ့ မနက်နှစ်နာရီ ထိုးသွားလေ့ရှိတယ်။ အဲ့တာနဲ့ ချက်ချင်းအိပ်ရာဝင်လားဆို မဝင်ဘူး။ နောက်ထပ်မနက်လေးငါးနာရီအထိ ဖုန်းကြည့်တာမျိုး။ အဲ့လိုဆက်တိုက်ကြီးကျ ခန္ဓာကိုယ်က ဘယ်ခံနိုင်ပါ့မလဲ။ လုပ်သင့်နေကျ၊ ဖြစ်နေကျ rhythm စည်းဝါးတွေ မကိုက်တော့မှ လူကဘယ်လိုမှ တက်ကြွမနေတော့ဘူး။ ဟန်ချက်ညီဖို့ဆိုတာ ဝေးသထက်ဝေးသွားပြီ။ အဲ့တော့ကိုယ့်မျက်နှာသွင်ပြင်က ပုံပျက်သထက်ပုံပျက်လာတယ်။ ကျန်းမာရေး ချို့ယွင်းလာတာကိုပါ သိသိသာသာ ခံစားရတာမျိုး ဖြစ်လာတယ်။ အဲ့တာကို သတိချပ်မိလားဆို ချပ်မိတယ်။ ဒါပေမဲ့ အထိန်းအကွပ်မဲ့ ဆက်ဖြစ်ဆဲဖြစ်နေတော့ လူ့ဗလာနတ္ထိအတိုင်း စိတ်ဓာတ်တွေကျ၊ ကိုယ်လုပ်ချင်တာပဲ ခုထိဇွတ်လုပ်နေတုန်းပါပဲလား။ ပြီးတော့ အရင်လို အားတက်သရောဖြစ်တဲ့စိတ်တွေ ပြောင်းတလင်းခါသွားတာဟာလည်း တခြား external factors တွေကြောင့် မဟုတ်ဘူး။ ခုလို စည်းမရှိကမ်းမရှိနေတာ တွေကြောင့်ပဲ။ အထူးသဖြင့် အိပ်ရေးပျက်တာကြောင့်ပေါ့။
ဒီကြားထဲ အစားကလည်း မမှန်သေးဘူး။ နေ့လယ်နှစ်နာရီသာ ကျော်သွားတယ်။ မနက်စာမစားရသေးဘူးဆိုတဲ့နေ့တွေ များသထက်များလာတယ်။ Habitual အရ ပြောရရင်လည်း ကိုယ့်ရဲ့ tempo ဟာ မြန်လိုက်နှေးလိုက်ပါပဲ။ တစ်သမတ်ဆိုတဲ့ consistency မရှိဘူး။ ကိုယ်ဆက်မထိန်းနိုင်ဘူး။ ရှိဖို့ကြိုးစားလည်း မြန်မြန် expire ဖြစ်တယ်။ ဘယ့်နှယ်လုပ်မလဲပေါ့။ အဲ့တာနဲ့ ဖေဖော်ဝါရီလအစကနေပြီး ညနေတိုင်း မီတာတစ်ထောင်ပြေးမယ်လို့ စိတ်ပိုင်းဖြတ်ထားတာ မဟုတ်ဘူးလား။ ဟုတ်ပြီ။ စပြေးနေပြီ။ ပထမတစ်ရက်အတွင်းမှာပဲ body က alert ပြတာတွေရော၊ negative signs ပြလာတာတွေကို တော်တော်များ ခံစားသိလိုက်ရတယ်။ ကျန်းမာရေး ယိုယွင်းလာတယ်ဆိုတာ တအားသိသာတယ်လေ။ အဲ့လို့နဲ့ နောက်နေ့အထိပါ ပြေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားလိုက်တယ်ပေါ့။ နှစ်ရက်ဆက်တိုက် ပြေးဖြစ်လိုက်တယ်။ တတိယမြောက်နေ့ ဆက်မပြေးချင်တော့ဘူး။ ရက်ခြားပြေးတော့မယ် ဖြစ်လာရော။ အခုဆို ပြေးဖို့နေနေသာသာ running shoes ကို ပြန်မလှည့်ကြည့်ချင်အောင် ဖြစ်သွားပြီ။ အဲ့တာကြောင့် ဘဝကိုတန်အောင် ဘယ်လိုနေမလဲဆိုတဲ့ မေးခွန်းက ကိုယ့်ခေါင်းထဲ တိုးတိုးတိတ်တိတ် ဝင်လာတယ်။
အဖြေဟာ ဘယ်မှာရှိသလဲ။ အဖြေဟာ ဘယ်လိုပုံစံလဲ။ အဖြေဟာ ဘယ်တော့သေချာမလဲ။