ဂျစ်ကန်ကန် ကျောင်းသားတစ်ယောက်နှင့် ဆရာမတစ်ယောက်၏ မေတ္တာ

လူတစ်ယောက်ဟာ သူ့ပတ်ပတ်လည်မှာ aura ဖြစ်ချင်ရင် တခြားလူတွေရဲ့ လားရာနဲ့ဆန့်ကျင်ပြီး ကန့်လန့်တိုက်နေပေးဖို့လိုတယ်။ အဲ့လိုလူမျိုးဟာ ပိုဆွဲဆောင်မှုရှိတယ်ဆိုတာ ကိုယ်မြင်ဖူးတာကိုး။ ဂျစ်ကန်ကန်နဲ့ ပေကတ်ကတ်လုပ်တတ်ရင် တခြားသူတွေရဲ့ အသည်းနှလုံးသားကို သိမ်းပိုက်ခြယ်လှယ်တဲ့နေရာမှာလည်း ပိုတောင်မိုက်သေးတယ်မလား။ ဒီနေရာမှာ ချက်ချင်းဆိုသလို ကိုယ့်အပေါ် အထင်အမြင်စောင်း၊ စိတ်ပျက်ကောင်းပျက်နိုင်တယ်။ ဒါပေမဲ့ မမြင်ရတဲ့စိတ်ချင်းကြား ပြန်ပြေလည်လာအောင် ချောသိပ်ပေးလိုက်။ အဲ့လိုနည်းနဲ့ လူတွေရဲ့စိတ်ကို အနိုင်ပိုင်းနိုင်တာဟာလည်း လွှမ်းမိုးနိုင်စွမ်းတစ်မျိုးပဲ။ အချစ်ရေးမှာဆိုလည်း အဲ့လိုပမာမခန့်နဲ့ ခပ်ဆိုးဆိုးကောင်လေးတွေဆို ဟိုက မပစ်နိုင်မခွာနိုင်အောင် သဲသဲလှုပ်ချစ်ခံရတာမျိုး။ ပြောချင်တာက လူတွေရဲ့စိတ်အခံကြား ပဋိပက္ခလေးတွေ ရှိတယ်ဆိုတာ မကောင်းတဲ့အရာကို အမြဲရည်ညွှန်းမနေဘူး။ တဖက်မှာ ပိုကောင်းတဲ့ဦးတည်မှု အပြောင်းအလဲတစ်ခုကို ရောက်သွားနိုင်တာပဲ။ နောက်ပြီး အဲ့လိုလူမျိုးနဲ့ သံယောဇဉ်နှောင်ဖွဲ့မိပြီဆိုရင် ပိုတောင်ခိုင်မြဲသွားသေး။ ဒါက လက်ရှိအသက်အရွယ်အထိ အတွေ့အကြုံအရ ကိုယ်နားလည်သလို အဓိပ္ပာယ်ဖွင့်ကြည့်တာ။
မှတ်မှတ်ရရပြောရရင် ကိုယ်ရှစ်တန်းတုန်းကဆို စောက်ငပျင်းလေးတစ်ယောက် ဆိုတာပဲ။ စာကြိုးစားတာတို့၊ အတန်းထဲမှာ ပထမရချင်တဲ့စိတ်ဟာ ခြောက်တန်း၊ ခုနစ်တန်းတုန်းကလို ထက်ထက်သန်သန် မရှိတော့ဘူး။ ပတ်ဝန်းကျင်က ရူဗင်က စာတော်လိမ္မာတဲ့ကလေးပါလို့ သတ်မှတ်တာက ကိုယ့်အတွက် ရိုးအီသွားပြီလေ။ ပြီးတော့ အမြဲလိမ္မာတယ်ဆိုတဲ့စရိုက်ကို မနှစ်မြို့တာပဲ။ ပုံစံပြောင်းချင်တယ်။ ခပ်ဆိုးဆိုးနေချင်တယ်။ အဲ့လိုနဲ့ ကျောင်းမှာဆိုလည်း ကောင်မလေးတွေကို စကားအားဖြင့်လိုက်စတာ ပိုများလာခဲ့တယ်။ စာဖက်သိပ်အာရုံမလာဘူးပေါ့။ တစ်ဖက်မှာ ကျောင်းစာတွေဆိုတာကလည်း ဖတ်စာတွေပဲများတယ်။ မမှတ်နိုင်၊ မဖတ်နိုင်တော့ဘူး။ ရှေ့အတန်းတွေနဲ့ယှဉ်ရင် တော်တော်များလာတာကိုး။ ကိုယ်က တခဏအတွင်းတော့ ချက်ချင်းမှတ်မိအောင် ကြိုးစားဖတ်နိုင်တာ မှန်ပေမယ့် သုံးရက်၊ တစ်ပတ်နေရင် ဖတ်ထားတာကို ဘယ်လိုမှမမှတ်မိနိုင်တော့ဘူး။ အားသန်တာဆိုလို့ သင်္ချာတစ်ခုပဲ ရှိခဲ့တယ်။ ထုံးစံအတိုင်း ကိုယ်တွေမောင်နှမသုံးယောက်က သူငယ်တန်းကနေပြီး အသိဆရာမဆီမှာ စာဖတ်ကျောင်းတက်လာခဲ့တာဟာ တောက်လျှောက်ပါပဲ။ သုံးယောက်လုံးက အဖေအမေမျက်နှာကြောင့် အခမဲ့တက်ရတာ။ ကိုယ်ခုနစ်တန်းပြီးတော့ ရှစ်တန်းမှာ နောက်အသိဆရာမဆီ ထပ်ပြောင်းတက်ရလည်း အလကားလက်ခံသင်ပေးတယ်။
ရှစ်တန်းရောက်လာတော့ တစ်ခုခုဆို ကလေးတစ်ယောက်အနေဖြင့် ခေါင်းတညိတ်ညိတ်လုပ်ပြီး နာခံပြနေရတာကို သဘောမတွေ့တော့ဘူး။ မိသားစုအလိုကို ဖီဆန်တာတို့၊ ကလန်ကဆန်လုပ်ရတာတို့ကို ပိုခုံမင်လာတယ်။ အိမ်မှာ သားယောက်ျားတစ်ဦးတည်းဆိုတော့ မောင်နှမချင်းကြားတောင် အနိုင်ယူ၊ ဆန့်ကျင်ကွဲထွက်တာဟာ ငယ်ငယ်ကတည်းကပဲ။ စာဖတ်ကျူရှင်မှာလည်း ကြည့်ရင်မဟုတ်သလိုရုပ်နဲ့ စကားများလာတာနော်။ ဟိုသူကိုနှောင့်ယှက်၊ ဒီသူကိုနှောင့်ယှက်နဲ့ ပျော်မွေ့တတ်လာတာ။ အထူးသဖြင့် ကိုယ်စနောက်တာခံရတာက မိန်းကလေးတွေပဲပေါ့။ အဲ့ဒီမှာ သူများတွေက ပိုက်ဆံပေးပြီး လာတက်ကြတယ်ဆိုတာကို သဘောပေါက်ရကောင်းမှန်းမသိ။ သူတို့ခင်ဗျာ စာတွေတစ်ပုဒ်ပြီးတစ်ပုဒ် နှုတ်တိုက်ဖတ်ရှာကြတာ။ တကယ်ဆို ကိုယ်သိတတ်ရမယ်လေ။ ကိုယ်ကျတော့ ရှစ်နာရီမထိုးသေးခင်ကို လူကငိုက်နေပြီ။ ငိုက်ရတဲ့အကြောင်းကလည်း ညနေကျောင်းဆင်းချိန်တွေမှာ ဘောလုံးကန်ထားတာကိုး။ ဟိုရောက်တော့ ပန်းနေရော။ အဲ့တော့ စာဖတ်စာအံရဖို့ကလည်း ပျင်းတာနဲ့ သူများတွေကို လိုက်စတော့တာပဲ။ ဒါပေမဲ့ ကိုယ်မှာလျှို့ဝှက်တစ်ခုရှိတယ်။ မနက်ပိုင်းမှာ စာအံရတာကိုပဲ ပိုအားသန်တာ။ စာတွေမှတ်မိတာမှ တအားပဲ။
စာဖတ်ကျောင်းမှာ၊ လူတွေ့ရှေ့မှာတော့ ပေါ့ပြက်ပြက်ပုံစံနဲ့ ဖြတ်သန်းနေတာ။ နောက်ကွယ်မှာတော့ ကျောင်းစာတွေလိုက်မီအောင် အိမ်မှာ grind ထားတာဆိုတာ ဆရာမကလည်း သိထားတယ်။ အမေကလည်း ပြောပြထားတယ်။ အဲ့တော့ စာဖတ်ကျောင်းမှာ ကိုယ်ကပေါက်ကရလုပ်နေလည်း ဆရာမက ဘာမှထွေထွေထူးထူး ဆိုဆုံးမတာမျိုး မလုပ်ဘူး။ မသိသလို လျစ်လျူပြုထားပေးတယ်။ တစ်နေ့တော့ ခါတိုင်းလို ကျောင်းသားတွေရဲ့ စာအံသံတွေ ဆူညံနေလိုက်ကြတာများ စကားပြောသံဆိုတာ ကြားရဖို့နေနေသာသာ ပဲတင်သံထပ်ဖို့တောင် ဝေလာဝေး။ အဆောင်ရဲ့အောက်ထပ်မှာ ရှစ်တန်းအခြမ်းနဲ့ ကိုးတန်းအခြမ်းရှိတယ်။ အပေါ်မှာတော့ ဆယ်တန်းအိုနာကျိုးကန်းတွေ သက်သက်စီ။ အဲ့နေ့မှာ သေချာတော့ မမှတ်မိတော့ဘူး။ ဆရာမက ကိုယ်တွေ ရှစ်တန်းကျောင်းသားတွေကို တစ်ခုခုပြောနေတာတော့အမှန်။ မှတ်မိတာက ကိုယ်နဲ့နှိုင်းယှဉ်ပြီး တချို့သူငယ်ချင်း မိန်းကလေးတွေကို စာဖတ်ကျောင်းအချိန်မှာ စာသေချာကျက်ကြဖို့ ပြောနေတာထင်တယ်။ ကျောင်းစာများလာလို့ စာကြိုးစားကြဖို့ ပြောတာ။ နင်တို့တွေ စာသေချာအံ့ကြ။ ရူဘီနဲ့လိုက်မနှိုင်းနဲ့ ဘာညာပေါ့။ ဆရာမဟာ ကိုယ့်ကိုရူဗင်လို့ မခေါ်ဘူး။ ရူဘီလို့ပဲ ကိုယ်ငယ်ငယ်ကတည်းကခေါ်တာ အခုထိပဲ။
အဲ့တာနဲ့ သူများတွေရှေ့မှာ ကိုယ့်ကို “ရူဘီက အိမ်မှာမနက်မိုးလင်းရင် စာတော့ဖတ်တယ်မလားလို့” မေးလိုက်တာ။ အမေပြောပြလို့ ဆရာမက သိထားတာကိုး။ ကိုယ်ကလည်း မဟုတ်ပါဘူးလို့ ငြင်းခံမပြောချင်ဘူး။ ဒါပေမယ့် မဟုတ်တဲ့အဖြေ ပေးလိုက်မိတယ်။ “အိမ်မှာလည်းပဲ ဘာစာမှမအံပါဘူးလို့” ပြောလိုက်တော့ သူမျှော်လင့်ထားတဲ့အတိုင်းမဟုတ်ဘဲ အဖြေက ဆန့်ကျင်ဘက်ဖြစ်သွားတယ်။ ကန့်လန့်တိုက်သလို ဖြစ်သွားတယ်။ ပြဿနာက အဲ့မှာစတော့တာပဲ။ ဆရာမက အရမ်းဒေါသတွေထွက်ပြီး ကိုယ့်ကို အရမ်းစိတ်ပျက်သွားပုံရတယ်။ အဲ့တော့ “ရူဘီ မင်း မနက်ဖြန်ကနေစပြီး ငါ့ဆီလာမတက်နဲ့တော့တဲ့”။ ကိုယ်လည်းပဲ ဆွံ့အသွားပြီး ဘာပြောရမှန်းမသိ ငြိမ်ငြိမ်နေလိုက်မိတယ်။ လူကလည်း ခေါင်းငိုက်စိုက်ကျပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ အရမ်းတိတ်ဆိတ်သွားတယ်။ အဲ့လိုနဲ့ စာဖတ်ကျောင်းဆင်းချိန်တန်တော့ တကိုယ်လုံးထူပူသွားပြီး အိမ်ကို သုတ်သီးသုတ်ပျာပြန်လာတယ်။ TV လည်း ဝင်မကြည့်တော့ဘဲ အပေါ်ထပ်ကိုပဲ တန်းတက်သွားတယ်။ ခဏနေ အစ်မလည်းအိမ်ရောက်တော့ အဖေအမေတို့ကို ပြန်ပြောလိုက်ပုံရတယ်။ အဲ့တုန်းက အစ်မကကိုးတန်း တက်နေတာ။ ကိုယ့်ထက်တစ်နှစ်ပဲကြီးတယ်။ အဲ့မှာ ကွိုင်စတက်တော့တာပါပဲ။ ဆရာမကလည်း အဖေ့ကိုဖုန်းဆက်ပြီး ပြောလိုက်ပုံရတယ်။ အိမ်မှာ ကိုယ့်ကိုဆဲဆိုလိုက်ကြတာများ နောက်နေ့ကျောင်းမသွားချင်တဲ့အထိပဲ။ ကျောင်းသွားရင်လည်း အတန်းထဲမှာ ဆရာမနဲ့ မတွေ့ချင်တွေ့ချင် မျက်နှာပြန်ပြရအုံးမှာပဲလေ။
အဲ့တစ်ပတ်လုံးတော့ ဆရာမနဲ့ ကိုယ်နဲ့ကြားမှာ သူစိမ်းတွေလိုပဲ။ ကိုယ့်ဘက်ကလည်း စကားစပြောဖို့ အင်တင်တင်တွေ ဖြစ်ခဲ့တယ်။ ဆရာမကလည်း ကိုယ့်ကြောင့် စိတ်နာသလိုဖြစ်နဲ့ ကြားမှာတော့ အဖေအမေတို့ကလည်း ဆရာမဆီ တောင်းပန်ခဲ့ပုံရတယ်။ အဲ့လိုမှလည်း ဆရာမက ကိုယ့်ကိုပြန်လာတက်ဖို့ လက်ခံပေးလိုက်တာ။ အခုချိန်ထိ အိမ်နဲ့အဆက်အသွယ်ရတိုင်း ဆရာမနာမည်နဲ့ အစချီပြီး သူတို့မိသားစုရော အကုန်လုံး နေကောင်းကျန်းမာကြရဲ့လားလို့ အမေ့ကို မကြာမကြာမေးဖြစ်တယ်။ ဆရာမကျေးဇူးက ကိုယ့်အပေါ် တော်တော်ကြီးခဲ့တာကိုး။ ဆယ်တန်းအထိလည်း ကိုယ့်ကိုမျက်နှာမငယ်ရအောင် နောင်ပညာရေးမှာ ပိုအလားအလာကောင်းသွားအောင် အဘက်ဘက်က တောက်လျှောက် support ပေးခဲ့တာ သူပါပဲ။ ရှစ်တန်းပြီးလို့ ကိုးတန်း၊ ဆယ်တန်းကို private ကျောင်းမှာ ဆက်တက်နိုင်အောင်လည်း တစ်ဖက်တစ်လမ်းက အများကြီးကူညီခဲ့ဖူးတယ်။ 2020 မှာ ဆယ်တန်းအောင်ပြီး အမှတ်ငါးရာကျော်နဲ့ ရန်ကုန်ဆေး(၂)လည်း မီခဲ့တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေတွေကြားမှာ ကိုယ်ဟာ ဆေးကျောင်းသားဖြစ်ဖို့ ကံမပါလာခဲ့ဘူး ဆိုရမှာပါပဲ။ တက်လည်းမတက်ချင်ခဲ့ပါဘူး။ သွေးကိုမြင်ရင်ကို ချက်ချင်းထိုးတက်ခေါင်းမူးတာ။ ဘယ့်နှယ် ဖြစ်မှဖြစ်ပါ့မလားလို့။
ကြားထဲမှာ မရေရာတဲ့ ပေါက်ကရတွေထလုပ်၊ မတူတဲ့လမ်းကြောင်းကို ထပ်ရွေးတော့လည်း ကိုယ်မှားတယ်လို့ ဘယ်တော့မှ မပြောခဲ့ဖူးဘူး။ ကိုယ်နဲ့နောက်ဆုံး အဆက်အသွယ်ရတဲ့အထိ တောက်လျှောက်အားပေးစကားပြောပေးခဲ့တယ်။ ကိုယ့်ဘက်က အမြဲရပ်တည်ပေးခဲ့တယ်။ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ ဖိအားဝန်ထုပ်တွေ မပေးခဲ့ဘူး။ သူက တခြားလူတွေနားလည်တဲ့ပုံစံနဲ့ ကိုယ့်အပေါ် မရှုမြင်ခဲ့ဘူး။ အဲ့ကြောင့်လည်း အမြဲကျေးဇူးတင်ရတယ်။ ဆယ်တန်းပြီးခါစတုန်းကလည်း သူ့စာသင်ဝိုင်းမှာ ကိုယ့်ကို guide လုပ်ပေးဖို့ ပိုက်ဆံပေး ငှားရမ်းခေါ်ခဲ့တယ်။ ကိုယ့်ဆရာမ အရင်းခေါက်ခေါက်ပဲဟာ လက်မခံနိုင်စရာ အကြောင်းမရှိခဲ့ဘူး။ ကြည်ကြည်ဖြူဖြူနဲ့ လက်ခံသင်ကြားပေးခဲ့တယ်။ ပြီးတော့ ကိုယ့်ရဲ့ပထမဆုံး လုပ်အားလစာရဖူးတာဟာ ဆရာမဆီကပါပဲ။ ဆရာမဟာ စီမံခန့်ခွဲမှု အရမ်းတော်တာ။ စကားပြောလည်း အရမ်းကောင်းတာ။ အသံတုလုပ်ပြီး အမူအရာဟန်ပါပါနဲ့ လိုက်တုပပြောနိုင်တာမှာလည်း ဆရာကျသေး။ အဲ့ဒါအပြင် လူတွေရဲ့ brain level ပေါ်လိုက်ပြီး စကားကို ပနံသင့်အောင် ပြောတတ်တာ။ ရက်လည်းရက်ရောတယ်။ တစ်ခုခုဆို နှမြောတွန့်တိုတဲ့ထဲမှာလည်း မပါဘူး။ အဲ့ကြောင့်လည်း ဆရာမတို့မိသားစုဟာ ကြီးပွားတယ်။ ကိုယ်က ကလန်ကဆန်သာ လုပ်တတ်ရင်လည်း ဒီလိုမျိုး အမှတ်တရတွေကို တော်ရုံနဲ့ မေ့သွားမှာတော့ မဟုတ်ဘူး။ ဆရာမဟာ ကိုယ့်ဘဝမှတ်ဉာဏ်ထဲမှာ အားအင်အပေးဆုံး လူသားတစ်ယောက်အဖြစ် ရှိနေဆဲပဲမို့လို့ပဲ။
ဆရာမရဲ့ နာမည်ကတော့ မမြခင်ပါ။