ကိုယ့်ကိုကိုယ် တော်တော်လူပါးဝပြီးမှ လူမသိသူမသိ ပျောက်ကွယ်သွားမှာတဲ့လား

A peaceful paved path through a sun-dappled forest

mro-vector app လုပ်ပြီးရင် facebook လူမှုကွန်ရက်ပေါ်ကနေ လူမသိသူမသိ ပျောက်ကွယ်သွားတော့မလို့ပဲ။ ဆုံးလည်း ဆုံးဖြတ်ပြီးပြီ။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ သုံးနှစ်လည်း ဖြစ်နိုင်တယ်။ အဲ့ထက်ပိုပြီးလည်း ဖြစ်နိုင်တယ်။ ဘယ်လောက်ကြာကြာ ပျောက်ကွယ်သွားမယ်ဆိုတာကို ကိုယ်တိတိကျကျ မပြောနိုင်ဘူး။ ဒါပေမဲ့ လုပ်မယ်လို့ စိတ်ပိုင်းဖြတ်တာကတော့ လုံးဝသေချာသွားပြီ။

တစ်ကွေ့ပတ်မောင်းပြီးရုံနဲ့ မပြီးဘဲ စိတ််ဓာတ်တို့၏ မူလနေရာကနေ ပြန်ပြန်စနေရတဲ့ ဒီအတုအယောင် သံသရာကြီးကို ငြီးငွေ့လာတာလည်း ပါမှာပေါ့။ ဒါပေမဲ့ ဒီထောင်ချောက်ထဲမှာ ပိတ်မိပြီးသား သားကောင်တစ်ကောင်အနေနဲ့ ရုံးထွက်ဖို့ဆိုတာ လွယ်ကူနေတာတော့ မဟုတ်ဘူးလေ။ ကိုယ့်ကို ကြိုးတုပ်နှောင်ဖွဲ့ထားတာတွေကလည်း ကိုယ့်ထက် အင်အားကြီးကြသကိုး။

ဒီလိုမျိုး ဆုံးဖြတ်ချက်တွေကို ရှေ့မှာလည်း အကြိမ်ကြိမ်ချပြီး ကြိုးစားခဲ့ဖူးသားပဲ။ ဘယ်တုန်းက အောင်မြင်ဖူးလို့လဲ။ တခဏတဖြုတ်ပဲ အောင့်အည်းနိုင်ခဲ့တယ်။ တစ်ပတ်လောက် ကြာတော့ ဒီ loop ထဲမှာ ပြန်ဝါးမျိုးခံနေရတာပဲမလား။ ကိုယ်တိုင်က ဒီ pattern ကို သဲသဲမဲမဲ စွဲလမ်းနေတာလည်း ဖြစ်နိုင်သားပဲ။

ဘာလို့ဆို အခုလို virtual software တွေကို တည်ဆောက်ထားတဲ့ ဂုရုတွေကလည်း လူတွေဟာ သူတို့ဖန်တီးထားတဲ့ digital world ပေါ်မှာ ပျော်မွေ့သထက် ပျော်မွေ့အောင် နွံမှာနစ်သလို လှုပ်ရှားလေလေ စုန်းစုန်းနစ်လေလေဖြစ်အောင် တကယ့်ပညာရှင်တွေနဲ့ပေါင်းပြီး စနစ်တကျ တည်ဆောက်ထားတာပဲ။ အဲ့တော့ တော်တော့်ကို မလွယ်တဲ့ စိန်ခေါ်မှုတစ်ခုလို့ ပြောရမှာပဲ။

တကယ်ပြောရရင် ကိုယ့်ရဲ့ real life က 2026 အထိပါ ယုတ်ညံ့သထက် စိတ်ပျက်ဖို့ပါ ပိုကောင်းလာတယ်။ Virtual life ကို အဟုတ်လို့ မှတ်နေတာက အဆိုးဆုံးပဲ။ ပုံမှန်လူသားတစ်ယောက်လို ပြန်ဖြတ်သန်းကြည့်မယ်။ စာအုပ်တွေ ပိုဖတ်မယ်။ ခရီးတွေ ထွက်နိုင်အောင် ကြိုးစားမယ်။ ဟင်းကောင်းကောင်းချက်ပြုတ်ပြီး စားသောက်နေထိုင်မယ်။

ဒီတစ်ခါတော့ ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲဖို့ လုပ်တာလည်းဖြစ်နိုင်တယ်။ မပြောင်းလဲပဲ ဒုံရင်းအတိုင်း ဆက်နေဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ဘူးပဲ။ မဟုတ်ရင် ပျက်သုဉ်းခံလိုက်ဖို့ပဲ ရှိတော့တယ်။ အကျင့်ဆိုးတွေကို တခြားအလေ့အကျင့်ကောင်းတွေနဲ့ အစားထိုးကြည့်မယ်လေ။ ထူးခြားလာလေမလား။ အဓိကပြဿနာက ဘက်ပေါင်းစုံနေ စုပ်ယူထားတဲ့ information ကြောင့်ပါ လူက တော်တော်ပန်းနေပြီမလား။

ဒီစက်ဝိုင်းကြီးထဲမှာ လုံးချာလိုက်ရင်း ကိုယ့်စိတ်က တဖြည်းဖြည်း အားလျော့နွမ်းနယ်လာတာကိုလည်း သိနေပြီ မဟုတ်လား။ စိတ်တွေကို ပြန် restart လိုက်ပြီး သန့်စင်ဖို့လည်း အချိန်တန်လည်းတန်နေပါပြီ။ အဓိပ္ပါယ်ရှိတဲ့ဘဝဆိုတာလည်း quiet life ထဲ ရှိနိုင်တာပဲလေ။ ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့ဖို့လည်း ပိုအလားအလာ ရှိသွားမယ်ထင်တယ်။

လူတွေပြောသလို ဂူအောင်းသိုင်းကျင့်ကြည့်မယ်လေ။ ဒါပေမဲ့ လူမသိသူမသိစေနဲ့ပေါ့။ အများသူငှာ များများစားစားရှိနေကြတဲ့ platform ပေါ်ကနေ ခြေဖွဖွလေးနင်းပြီးတော့ တံခါးကိုအသံမထွက်အောင် သေချာပိတ်ပြီး ထွက်ခွာသွားပါမယ်။ ပြန်လာခဲ့ရင်လည်း ကြီးမားတဲ့ အပြောင်းအလဲတွေနဲ့ တပွေ့တပိုက်သယ်ပြီး ပြန်လာမယ်လေ။ 2027 မှာလား။ 2028 မှာလား။ 2030 မှာလား။ အဲ့တာက ကိုယ်တပ်အပ်မပြောနိုင်ဘူး။

ဘာဖြစ်ဖြစ် စွန့်လွှတ်သင့်တာတွေ စွန့်လွှတ်ပြီး အနှောင်အဖွဲ့ကင်းကင်းနဲ့ ရှေ့လျှောက်ခရီးဆက်နိုင်ဖို့ပါပဲ။

Subscribe to My Newsletter

Occasional updates on projects, articles, and learning experiences.