ချင်းမိုင်ရောက်ပြီး နှစ်နှစ်အကြာမှ ရောက်ဖြစ်ခဲ့သော မေကပေါင်

Atmosphere of Ban Mae Kampong amidst green valleys

ရန်ကုန်မှာနေတုန်းကလည်း ဘယ်မှမရောက်ဖြစ်ခဲ့ဘူး။ ပြည်သူ့ရင်ပြင်ဆို တစ်ခေါက်လောက်ပဲ။ အဲ့တာတောင် church ကအပြန် သူများတွေနောက် လိုက်ပါသွားတာ။ အမေရိကန်စင်တာတော့ ဟုတ်တိပတ်တိ သုံးလေးခါရောက်ဖြစ်ခဲ့သေးတယ်။ မှော်ဘီ၊ ရွှေပြည်သာ၊ လှည်းကူး၊ စမ်းချောင်း အမျိုးတွေအိမ်မှာ အသွားအပြန်လုပ်ရင်း အိမ်တွင်းအောင့်ပြီး နှစ်နှစ်လုံးလုံး ဖြတ်သန်းခဲ့တာ ပြန်တွေးကြည့်ရင် ကိုယ့်ကိုကိုယ်တောင် အံ့ဩမိတယ်။ အခုဆို ချင်းမိုင်ရောက်တာ နှစ်နှစ်ပြည့်ပြီ မဟုတ်လား။ တကယ်တော့ ချင်းမိုင်ခရိုင်ဟာ အလည်အပတ် ထွက်လည်စရာ နေရာတွေ အများကြီးရှိတဲ့ ဒေသတစ်ခုလို့ ပြောရမယ်။ ဒါပေမဲ့ ဒီနှစ်နှစ်လုံး ဘာဆိုဘာမှ မရောက်ဖူးခဲ့တာကို ပြန်တွေးကြည့်ရင် လွန်လွန်းသလားလို့လေ။ အဲ့တော့ စိတ်ထွက်ပေါက်များ ရလေမလားလို့ ခရီးတိုထွက်ဖြစ်ဖို့ အကြောင်းဖန်လာတယ်။

လက်ရှိချင်းမိုင်မြို့တွင်းထဲမှာတောင် အပြင်ထွက် လျှောက်လည်မယ့်နေရာတွေက တော်တော်ရှိတယ် ဆိုရမယ်။ လိုင်းပေါ်မှာလည်း တွေ့ရသလို တချို့အသိတွေဆိုလည်း သိပ်မလှမ်းမကမ်းနေရာတွေမှာ မကြာမကြာ hang out လုပ်ကြတာ မြင်မိတယ်။ ဒါပေမဲ့ မြို့တွင်းဖြစ်နေတော့ သဘာဝကျကျ အလှတရားတွေမရှိတာ များတယ်။ ရှိတော့ရှိတယ်။ ကိုယ်မသိတာလည်း ဖြစ်နိုင်တယ်။ Tourism နိုင်ငံဖြစ်သွားတော့လည်း လူတွေကပဲ မရမက အထူးဖန်တီးယူပြီး တကူးတကမွမ်းမံထားတာ များကြလို့ပဲ။ ဒီအပတ်တော့ အသိအကိုတွေနဲ့ ချင်းမိုင်မြို့နဲ့ တစ်နာရီကျော်စာဝေးတဲ့ မေကပေါင်ရွာလေးကို သွားကြမလို့ ချိန်းထားကြတာရှိတယ်။ အင်္ဂါနေ့လောက်ဆိုရင် ရှိတဲ့ဆိုင်ကယ်နဲ့ တစ်နေရာသွားကြမယ်လို့ လုပ်ထားကြတာဟုတ်တယ်။ ဒါပေမဲ့ သွားမယ့်လူများတော့ ဆိုင်ကယ်မလောက်ငှတာနဲ့ အဲ့နေ့မသွားဖြစ်လိုက်ကြဘူး။ ပြန်ချိန်းပြီး မတ်လ 20 ရက် သောကြာနေ့ သွားကြတယ်။

အကြောင်းရင်းကတော့ လူစုံတက်စုံရှိကြတုန်းအခိုက် ခရီးထွက်ကြတာ ကောင်းတယ်မဟုတ်လား။ ဘာလို့ဆို ကိုနေမင်းစိုးကလည်း လာမယ့်မတ်လ 23 ရက်နေ့ဆို စင်္ကာပူသွားရတော့မယ်။ အဲ့တော့ ကိုယ်တို့တွေ အမှတ်တရလေးတစ်ခုပါ ဖြစ်သွားအောင် အဲ့ရွာကလေးဆီသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကိုပီတာနဲ့ဂျေဒိဒိကလွဲရင် ကျန်တဲ့သူတွေက တောင်ပေါ်မှာ သီးခြားတည်ရှိတဲ့ အဲ့ကျေးလက်ရွာလေးကို ရောက်ကိုမရောက်ဖူးသေးကြဘူး။ ကိုယ့်ကိုလိုက်မလားလို့ သူတို့စခေါ်တုန်းက မေကပေါင်လို့သာ ပြောကြတာ။ ကိုယ်သေချာမသိခဲ့ဘူး။ စပ်စုပြီးတော့လည်း ဘယ်မှာရှိတာလဲလို့တောင် မေးကိုမမေးဖြစ်တာ။ တောင်ပေါ်ရွာကလေးဆိုတာလို့လည်း မသိခဲ့ရှာဘူး။ အဲ့ရွာမှာ local ရော global ရော နှစ်စဥ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသွားတွေရှိတယ်ဆိုတာက ထိုင်းရောက်ကတည်းက မကြာခဏတွေ့ရတယ်။ ဒါပေမဲ့ ရွာရဲ့နာမည်ဟာ “Mae Kampong” လို့ သေချာတွဲမှတ်ပြီး မသိခဲ့ဘူး။

သောကြာနေ့ မနက်မိုးလင်းတော့ သူတို့တွေ ကိုယ်နေတဲ့ guest house ရှိရာဆီကို ဆိုင်ကယ်နှစ်စီးနဲ့လာပြီး ခေါ်ကြတယ်။ အဲ့ကနေဆက်ပြီး ချင်းမိုင်းမြို့တွင်းချောင်းလေးကို ပေါင်းကူးထားတဲ့ သံတံတားကို ဖြတ်သွားကြတယ်။ လမ်းတစ်ထောက်မှာ ကိုနေမင်းစိုးနဲ့ ကိုအာဆိန်စီးလာတဲ့ ဆိုင်ကယ်ဟာ ဆီမရှိလို့ သူတို့တွေ ဆီဖြည့်ကြရသေး။ အဲ့ခဏအတွင်းမှာပဲ နောက်ထပ်လမ်းကြားကနေ ထွက်လာမယ့် ကိုပီတာရဲ့ဆိုင်ကယ်နဲ့ဆို စုစုပေါင်းသုံးစီးဖြစ်သွားတယ်။ စုစုပေါင်း လူခြောက်ယောက်ပေါ့။ အဲ့လိုနဲ့ ဆက်သွားရင်း ကုန်းကျော်တံတားအောက်ကနေ ထပ်ဘယ်ချိုးကွေ့ပြီး မြို့ထဲကနေမြို့ပြင်ကို တဖြည်းဖြည်း စထွက်ခွာလာခဲ့ကြတယ်။ ဟိုင်းဝေးလမ်းပေါ်ရောက်လို့ မြို့ရဲ့အပြင်ဘက်ရောက်လေလေ အောက်ဆီဂျင်ဓါတ် ထုထုထည်ထည်ပြည့်ဝတဲ့ လေထုကြီးကို ရှူရှိုက်ရသလို ကိုယ့်စိတ်မှာခံစားရတယ်။ ဘာလို့ဆို ချင်းမိုင်ဟာ နှစ်စဥ်နှစ်တိုင်းမက သုံးလေးလတိုင်းလောက်ကို မကြာခဏဆိုသလို လေထုညစ်ညမ်းမှုဖုံးလွှမ်းခံရတဲ့ မြို့တစ်မြို့မဟုတ်လား။ အဓိကက တောင်ယာမီးရှို့တာကြောင့် ဖြစ်တာ။

ဆက်သွားနေရင်းကနေ လမ်းတစ်နေရာမှာ ဘယ်အောက်ဆင့်ချိုးပြီး တစ်နေရာ၊ နှစ်နေရာ ထပ်ကွေ့ပတ်သွားရတာကလွှဲရင် ကျန်တာဟာ လမ်းတစ်ဖြောင့်တောက်လျှောက်ပါပဲ။ သူ့ဆိုင်ကယ်၊ ကိုယ့်ဆိုင်ကယ် ဖြည်းဖြည်းစောင့်မောင်းကြရင်း တစ်နာရီကီလိုမီတာခြောက်ဆယ်ဝန်းကျင်ပမာဏနဲ့ တရွေ့ရွေ့ ခရီးနှင်လိုက်ကြတာ ဘေးနံဝန်းကျင်သစ်ပင်တွေက ကိုယ်တွေကို ပြန်လိုက်လို့မမီတဲ့ အထိပါပဲ။ ကိုယ်ကတော့ ဂျေဒိဒိဆိုင်ကယ်ပေါ် စီးနင်းပါလာတာဖြစ်တယ်။ သူကတော့ ဆိုင်ကယ်ဦးထုပ်နဲ့ မောင်းရလို့ ခေါင်းပိုင်းမအေးရှာမှာ လုံးဝသေချာတယ်။ ကိုယ်ကတော့ အဆောင်ကနေ စထွက်လာကတည်းက ဦးထုပ်လည်းမပါ၊ ပြင်ခံအင်္ကျီကလည်း ပါးပါးလေးမို့ အေးစိမ့်စိမ့်နဲ့ နောက်ကလိုက်ရတာ တကယ်ချမ်းပါတယ်။ ချမ်းမယ်လို့လည်း သိပ်မထင်ခဲ့ဘူး။ ဥတုသုံးပါးအရဆိုရင် နွေဦးရောက်ပြီး မတ်လကုန်နီးပေမယ့်လို့ မနက်အစောပိုင်းဖြစ်သေးတာမို့ အေးတာတော့ အမှန်ပဲ။ အနွေးတစ်ထည်လောက် အပေါ်ကတစ်ထပ်ခံပြီး မဝတ်ထားရင် အသွားတလျှောက်လုံး အအေးဒဏ် တော်တော်ခံရမယ်။

အဲ့လိုနဲ့ နောက်ကနေ ကိုယ်စိတ်ကူးပေါက်တဲ့ သီချင်းတွေဆိုပြီး လိုက်ပါရင်း၊ လမ်းဘေးဘယ်ဝဲယာ တောတောင်ရှုခင်းတွေကို မျှော်ကြည့်ရင်း အရင်ခုနှစ်တွေတုန်းက ခရီးသွားခဲ့တဲ့ ခံစားချက်တွေ ပြန်လည်ခံစားရလာတယ်။ တစ်ခုသတိထားမိတာက ကိုယ်တွေဘက်မှာလို လမ်းမကြီးရဲ့ကပ်ရပ်နံဘေးတွေမှာ ရွာတွေတည်ထားတာမျိုး မရှိပေမဲ့လို့ အကွာအဝေးတစ်ခုလောက်မှာတော့ တချို့အိမ်ခြေတွေ အတည်တကျဖြစ်နေတာ မသဲမကွဲ လှမ်းမြင်နေရတယ်။ နယ်ရွာငယ်လေးတွေ ဖြစ်ပုံရတယ်။ တကယ်နေချင်စရာကြီးတွေ။ နောက်ထပ်ထူးခြားတာတစ်ခုက တချို့ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ စက်ပစ္စည်းတွေ၊ ကွန်ကရစ်တိုင်တွေ၊ ကွင်းခွေတွေရောင်းတဲ့ ဆိုင်တွေဟာ အဲ့လိုလူနေအိမ်တွေနဲ့ အလှမ်းဝေးတဲ့နေရာမှာမှ ဖွင့်ထားကြတာလဲပေါ့။ သူတို့တွေ စီးပွားရော ဖြစ်ကြရဲ့လား။ တစ်နည်းအားဖြင့် ပုံမှန်လက်ကားဝယ်ယူကြတဲ့ ဖောက်သည်တွေများ ရှိနေလို့လားပေါ့။ ကိုယ့်ခေါင်းထဲ စူးစမ်းလိုမှု မေးခွန်းတစ်သိုက် ဖြစ်ပေါ်လာတယ်။

ကိုယ်ဟာ အတွေးနယ်ချဲ့မှုကို ကြိုက်နှစ်သက်တဲ့သူ ဖြစ်တဲ့အတိုင်း ရလာတဲ့တွေးတောဆင်ခြင်မှုတချို့ကို ဒီအတိုင်းတော့ မသိကျိုးကျွန်ပြုပြီး ညင်သာစွာ မြေမမြုပ်ပစ်ချင်လိုဘူး။ ဖြစ်နိုင်တာက လမ်းသွားလမ်းလာရင်း မတော်တဆဝင်ပြီးဝယ်မယ့်သူတွေကိုတော့ regular customers အဖြစ်တော့ target မထားတာတော့ သေချာတယ်။ လူတွေ တအုံတကြွ ဖြစ်မနေရင်တောင် အမြတ်ငွေ ကောင်းကောင်းကျန်တာက ဘာလို့လဲ။ ကွန်ကရစ်တိုင်တွေ၊ ခွေတွေ ခင်းကျင်းပြသဖို့နဲ့ သိုလှောင်ဖို့ဆိုရင် နေရာအကျယ်ကြီးလိုမှာပဲလေ။ အဲ့တော့ မြို့ပေါ်မှာ မြေကွက်လပ်ကျယ်တစ်ခုငှားပြီး ဖွင့်တာထက်တော့ စျေးအတော်ချိုမှာ။ အဝင်အထွက် သယ်ယူပို့ဆောင်ဖို့အတွက် truck ကားတွေပေါ်တင်မယ်ဆိုလည်း အလုပ်ဖြစ်တာကိုး။ နောက်ထပ်ကောင်းသွားတာက ကိုယ်တိုင်သွန်း၊ ကိုယ်တိုင်ထုတ်လုပ်ဖို့ အလုပ်ရုံ workshop တစ်ခုနဲ့ပါ တွဲဖွင့်လို့ ရသွားတာ။ ဒီလိုအရိုးရှင်းဆုံး နောက်ခံအကြောင်းတွေနဲ့တင် စရိတ်စကက တော်တော်သက်သာသွားပြီ။ အသားတင်အမြတ်ငွေလည်း ပိုတောင်ကျန်အုံးမယ် မဟုတ်လား။

အဲ့လိုနဲ့ ရောက်ခါနီးလေလေ တောင်ခြေရင်းနဲ့ ပိုပြီးနီးစပ်လာလေပါပဲ။ မေကပေါင်က တောင်ပေါ်မှာတည်ရှိတဲ့ ရွာအစုအကျဥ်းတစ်ခုပဲဆိုတော့ တောင်စောင်းလမ်းတွေပေါ်မှာ သူသူငှာငှာ ခေါက်တုန့်ခေါက်ပြန် သွားလာနေကြတဲ့လူတွေတော့ သိပ်မတွေ့ရဘူး။ ကျနော်တို့ဟာ တောင်ရင်းကနေပြီး ဖြည်းဖြည်းချင်း စတက်ယူကြတယ်။ တက်ရင်းနဲ့ လမ်းအကွေ့အကောက်ဟာ ပိုများလာတယ်။ တချို့နေရာတွေမှာ လူတွေရဲ့ သက်သက်မီးလောင်ကျွမ်းထားတဲ့ အပင်တွေ၊ မြေသားမည်းတွေ တွေ့ရတယ်။ တချို့အကွေ့အပတ်တွေဆို မတော်ရင် အောက်ကိုလိမ့်ဆင်းပြီး ပြုတ်ကျသွားနိုင်ခြေများတယ်။ ဂီယာပြောင်းထိုးပြီး မောင်းရတဲ့ဆိုင်ကယ်မျိုးနဲ့သာဆိုရင် ကိုယ့်အတွက် လွယ်မှာမဟုတ်တာ ကျိမ်းသေတယ်။ ဒိဒိရဲ့ဆိုင်ကယ်က အော်တိုဘီးမျိုးဖြစ်နေတော့ လီဗာဆွဲတင်မောင်းရုံပဲ။ သူဖြစ်လို့သာ လမ်းကသူနဲ့ နည်းနည်းရင်းနှီးပြီးသားမို့ သေချာထိန်းပြီး မောင်းနိုင်တာ။ အဲ့လိုနဲ့ နောက်ကို မကြာမကြာ ကြည့်ဖြစ်တယ်။ နောက်မှာ ကိုအာဆိန်တို့ လိုက်ပါလာရဲ့လားဆိုတာကို စိုးရိမ်လို့လေ။

ကိုယ်နဲ့ဒိဒိဆိုင်ကယ်ရပ်ပြီး တအောင့်လောက်ကြာအောင် စောင့်ဖြစ်ခဲ့သေးတယ်။ သူတို့ပေါ်မလာတော့ မဟုတ်သေးဘူးလေဆိုပြီး မတင်မကျစိတ်နဲ့ နောက်ခေါက်ပြန်လှည့်မောင်းပြီး သူတို့တတွေကို လိုက်ကြည့်ဖြစ်သေးတယ်။ အဲ့ခါမှ သူတို့မောင်းတက်လာတာ တွေ့ရလို့ စိတ်ချသွားတယ်။ ဘာလို့ဆို လမ်းသာကောင်းပေမဲ့ နည်းနည်းအန္တရာယ်များတယ်လေ။ ဒီလိုနဲ့ အဲ့ကနေ ဆက်သွားကြတယ်။ ကိုပီတာနဲ့ကိုဂျေလီတို့က ရှေ့ကိုရောက်သွားခဲ့ကြပြီ။ သူတို့နောက်လိုက်ရင်း တောင်ထိပ်ပေါ်ရောက်လာလေလေ ပိုပြီးအေးစိမ့်လာလာလေပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ပိုတုန်ယင်လာတယ်။ ကိုယ်မထင်ထားတာက လမ်းတွေဟာ ပိုမတ်စောက်လာသလို ပိုပြီးအကွေ့အကောက်တွေ များလာတယ် ဆိုတာပဲ။ အိမ်တွေရှိတဲ့ တချို့နေရာမှာတော့ တောင်တက်လမ်းဟာ ပြေပြစ်တာပေါ့လေ။ သိပ်မကြာခင်ပဲ လမ်းခုလတ်ရောက်မှ ကိုဂျေလီတို့စောင့်နေကြတာ တွေ့ရတယ်။ သိပ်မလိုတော့ဘူးဆိုပြီး ဆက်မောင်းတက်ကြတာ မေကပေါင်ရဲ့ တကယ့်ရွာအဝင်လမ်းဝကို ရောက်ကြပြီ။

အဲ့မှာတင်မရပ်ဘဲ ဆက်မောင်းရင်း view လှလှလေးကြည့်လို့ရအောင်ဆိုပြီး ကော်ဖီဆိုင်ရှိတဲ့နေရာဆီ တို့တွေအကုန်လုံး မီတာခြောက်ရာလောက် ဆက်တက်ဖြစ်ကြတယ်။ အဲ့မှာပဲ ဆိုင်ကယ်တွေအကုန် ရပ်လိုက်ကြတယ်။ နောက်ဆုံးတော့ တောင်ထိပ်ပေါ်ရောက်ခဲ့ကြပြီ။ ကော်ဖီဆိုင်ရောက်တော့ ကိုယ်၊ ကိုနေမင်းစိုးနဲ့ ကိုပီတာက အောက်လှေကားထစ်ဆယ်ဆင့်လောက်ဆင်းပြီး နောက်ဖေး bathroom ချက်ချင်းဝင်သွားလိုက်ကြတယ်။ တစ်လမ်းလုံး တစ်နာရီကျော် စီးလာကြတာလေ။ အပေါ့သွားဖို့လည်း လိုတယ်လေ။ အဲ့တာနဲ့ အပေါ်ကိုပြန်တက်ပြီး ကော်ဖီမမှာကြသေးဘူး။ ရှုခင်းလှလှလေးကို စကြည့်ကြတယ်။ အပေါ်ရောက်တာနဲ့ ဓါတ်ပုံစရိုက်ဖြစ်တာဟာ ကိုယ်ပဲ။ ယိမ်းလွှဲလို့ရတဲ့ သစ်သားခုံရှည်ပေါ်ထိုင်ပြီး ကိုနေမင်းစိုးက သူ့ဖုန်းနဲ့ ရိုက်ပေးတယ်။ ပုံသုံးပုံလောက်ဖြစ်မယ်။ ကိုယ်ကတော့ ထိုင်ခုံရှည်နဲ့ ထိုင်ကြည့်လို့ရတဲ့ လက်တင်ခုံတန်းရှည်ပေါ်မှာ kitty လေးတစ်ကောင် ကျကျနနမိန်းနေတာ တွေ့လိုက်တော့ ချစ်စရာလေးဆိုပြီး ကိုယ့်ဖုန်းထုတ်ပြီး နှစ်ပုံလောက်ရိုက်လိုက်တယ်။

ပြီးတော့ ကော်ဖီသောက်ဖို့ မှာကြမယ်ဆိုပြီး ကိုယ်စီမှာယူကြတယ်။ ကိုယ်ကတော့ espresso၊ cappuccino လိုမျိုး အရမ်းခါးတာတွေဆို သောက်လည်းမသောက်တတ်ဘူး။ ကြိုက်လည်းမကြိုက်တော့ Thai tea ပဲ မှာဖြစ်လိုက်တယ်။ အရမ်းလည်းမချို မခါးတဲ့ဟာပေါ့။ အရသာအားဖြင့်လည်း ကိုယ့်အတွက်ဆို အနေတော်ပဲ။ ကျန်တဲ့သူတွေကတော့ သူ့တို့သောက်လိုရာ တခြားအမျိုးအစားတွေ မှာကြတယ်။ အဲ့မှာတင် သိပ်မကြာလိုက်ဘူး။ မှာထားတဲ့ ကော်ဖီခွက်ကိုယ်စီယူပြီး ခုံတန်းရှည်ပေါ် ပြန်ဝင်ထိုင်ကြတယ်။ ထုံးစံအတိုင်း နေရာအသစ်တစ်ခုရောက်ရင် ပုံတွေ တဖျတ်ဖျတ်နဲ့ တစ်ယောက်တစ်လှည့်ရိုက်ကြတယ်။ ဆက်ပြီး အာလာပသလ္လာပတွေ စကားစမြည်လုပ်ကြရင်း အောက်ကိုငုံ့ကြည့်ကြတယ်။ ဘာလို့ဆို တောင်ကြားအောက်မှာက သူတို့ပြောကြတဲ့ မေကပေါင်ဆိုတဲ့ရွာပဲမို့လို့လေ။ အပေါ်စီး view က တော်တော်လှတယ် ဆိုရမယ်။ အိမ်ခြေအားဖြင့်ဆို ခြောက်ခုနစ်ဆယ်ဝန်းကျင်လောက်ပဲထင်တယ်။ ဒါပေမဲ့ အိမ်လေးတွေက သစ်သားထရံနဲ့ကာထားတဲ့ ပုံစံတူ အိမ်ပုပုလေးတွေ။ မျက်စိအရသာအတွက် တစ်မျိုးတစ်ဖုံ ဘဝင်ကျစေတယ်။ မိုက်တယ်ပေါ့။

ရွာက တောင်ချိုင်ကြားမှာလည်း ဖြစ်နေတော့ နေရာအရမ်းကျတယ်။ အဲ့လိုနေရာမျိုးမှာ အိမ်အမြင့်တွေ ဆောက်လို့လည်း မဖြစ်ဘူးလေ။ ပထမဆုံးရတဲ့ ခံစားချက်က ရာသီဥတုအရမ်းမျှတတာပဲ။ အရမ်းအေးချမ်းတယ်။ ပထမအကြိမ် ရောက်ဖူးတာကြောင့်လည်း ဖြစ်မယ်။ စိတ်တွေတော့ လွတ်လပ်သလိုခံစားရတယ်။ ဒါပေမဲ့ လည်ပတ်စရာကောင်းတဲ့ နေရာဒေသတွေဆိုတာ ကိုယ်တိုင်ခရီးသည်အဖြစ် အများဆုံးနှစ်ကြိမ်ဖြစ်၊ သုံးကြိမ်ဖြစ် သွားလာဖို့လောက်ပဲ ကောင်းတာ။ ရင်ခုန်ဖို့ကောင်းတာ။ ဒေသခံအဖြစ် အတည်တကျ ပြောင်းနေမယ်ဆိုရင် စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူးလို့ မြင်တယ်။ ဟိုဟိုဒီဒီပြောနေရင်းကနေ group photo ရိုက်ကြမယ်ဆိုပြီး အကုန်လုံး ပြင်ဆင်ကြတယ်။ ရိုက်ပေးမယ့်သူလိုက်ရှာရင်း တရုတ်မြန်မာ သက်ကြီးပိုင်းအမျိုးသမီးနှစ်ယောက် မြန်မာစကားပြောသံ ဝိုးတဝါးကြားရတော့ သူတို့ကို အကူအညီတောင်းလိုက်ကြတယ်။ ကျနော်တို့ ခြောက်ယောက်လုံးနေရာယူပြီး post တွေထုတ်လိုက်နဲ့ လေးငါးပုံလောက် ဆွဲလိုက်ကြတယ်။ ရိုက်ပေးတဲ့ အဲ့အဒေါ်ကိုလည်း ကျေးဇူးတင်စကားပြောလိုက်ကြတယ်။ ရိုက်ထားတဲ့ပုံတချို့လည်း အဆင်ပြေ ပုံဝင်နေတော့ တော်ပြီပေါ့လေ။

အခုထိုင်နေတဲ့နေရာဟာ တောင်ထိပ်တော့ မဟုတ်သေးဘူး။ တောင်ထိပ်ပိုင်းနဲ့သာ နီးကပ်နေရုံသာသာ။ အပေါ်ဘက်ကို ဆက်သွားလို့ရသေးတယ်တဲ့။ ပထမတစ်ခေါက် ရောက်ဖူးပြီးသား သူတွေဖြစ်တဲ့ ဂျေဒိဒိနဲ့ ကိုပီတာတို့နှစ်ယောက်သားဟာ မီတာသုံးလေးရာလောက် ကြိုသွားကြည့်လိုက်ပြီး ရေတံခွန်တစ်ခုရှိတယ်တဲ့။ ဆက်သွားကြမယ်တဲ့။ အဲ့တော့ ကိုယ့်အမြင်အာရုံထဲမှာ အသားမကျသေးတဲ့၊ စိမ်းကားနေသေးတဲ့ မြင်ကွင်းအသစ်တစ်ခုကို မှတ်မိဖို့ ကြိုးစားနေတာပဲရှိတုန်း ကျောခိုင်းလိုက်ကာ ဖြတ်တောက်ပစ်လိုက်ကြရတယ်။ အဲ့ကနေ နှစ်ယောက်တစ်စီးစီးပြီး နည်းနည်းလေးဆက်သွားကြတယ်။ ရေတံခွန်တစ်ခုရှိနေတာ လှမ်းမြင်ရတယ်။ ရေတံခွန်ကနေစီးကျနေတဲ့ ရေဝပ်နေတဲ့ ရေစပ်သေးသေး တစ်ခုလေးလည်းရှိတယ်။ အဲ့တာကိုကျော်ခွပြီး တံတားလေးတစ်ခု ခင်းပေးထားတယ်။ အဲ့ကနေကျော်ပြီး ရေတံခွန်ရဲ့ အပေါ်ဘက်ပိုင်းကို ဆက်တက်လို့လည်း ရသေးတယ်။ ဘာလို့ဆို လက်ကိုင်တန်းနဲ့ လွယ်လင့်တကူတက်လို့ရအောင် လှေကားထစ်တွေ ပြုလုပ်ပေးထားလို့ပဲ။

တက်ရင်းတက်ရင်း ရေတံခွန်ပေါ်က ရေဆင်းသံတွေဟာ ပိုအသံကျယ်လာတယ်။ စိတ်လှုပ်ရှားဖို့ ပိုကောင်းလာတယ်။ ပိုပြီးတော့လည်း သဘာဝကျလာတယ်။ ကဗျာဆန်ပြောရရင် စစ်မှန်တဲ့သဘာဝနဲ့ နီးစပ်သွားတယ်ပေါ့လေ။ အောက်မှာတုန်းက ရေတံခွန်ကြီးက ဘာမှမဟုတ်ပါလား။ ရေစီးဆင်းတာလည်း ငြိမ်နေတာပဲလို့ စောစောစီးစီး ကောက်ချချမိခဲ့တယ်။ အပေါ်ရောက်တော့မှ ဓါတ်ပုံရိုက်ယူဖို့လည်း အရမ်းလှတာ ဟုတ်တယ်။ လှေကားထစ်တွေဟာလည်း ကွေ့ကာပတ်ကာ ဆက်တက်လို့ရတုန်းပဲ။ တစ်ဖက်မှာ ကိုယ်တွေလည်း ထပ်ပြီးအပေါ်မှာဘာရှိမလဲလို့ စူးစမ်းလိုရင်းနဲ့ တစ်ထောက်နားရင်း ဆက်တက်ကြတယ်။ ရှေ့ဆုံးမှာကတော့ ကိုယ်နဲ့ ကိုအာဆိန်တို့ပဲ။ ကျန်တဲ့သူတွေက တဖြည်းဖြည်းလိုက်ပါနင်းကြတယ်။ ကိုယ့်ပါးစပ်ကတော့ ရေတံခွန်ရဲ့ ပင်ရင်းစစီးဆင်းတဲ့နေရာ ဘယ်လောက်ကလဲ တတွတ်တွတ်ဆိုရင်း သိချင်လိုက်တာ။ အဲ့လိုနဲ့ တစ်နေရာအရောက်မှာ လမ်းနှစ်ခွဖြစ်လာတယ်။ တစ်လမ်းက ဆက်သွားမယ်ဆိုရင် အန္တရာယ်များသလို လမ်းဆုံးတော့သလိုမျိုး ဖြစ်နေတယ်။

နောက်တစ်လမ်းဆီကို ဆက်တက်ကြတယ်။ လက်ကိုင်လှေကားထစ်တွေလည်း မရှိတော့ဘူး။ ပြီးတော့ မြေသားတွေက သာမန် shoe နဲ့ တက်မယ်ဆိုရင် ခြေချော်လဲနိုင်တယ်။ သတိထားပြီး တက်ရတာပေါ့လေ။ အစောတုန်းက နိုင်ငံခြားသားတွေလား မသိဘူး။ နှစ်ယောက်တက်သွားတာ မြင်လိုက်တယ်။ ကိုယ်တွေလည်း လက်တစ်ကမ်း ဖမ်းလို့ရတဲ့မှန်သမျှကို ဆုပ်ကိုင်ပြီး တက်ကြတယ်။ အင်္ကျီကလည်း ချွေးပိုစိုလာတယ်။ နည်းနည်းအားစိုက်တက်ရတာကိုး။ အဲ့မှာထပ်ပြီး လမ်းနှစ်သွယ်ထပ်ကွဲသေး။ ဘာက ဘာကိုသွားတဲ့လမ်းလို့လည်း ရေးထားတာမျိုး မရှိတော့ဘူး။ အောက်မှာတုန်းက ထိုင်းလိုရေးထားတာ ရှိခဲ့တယ်လေ။ ဒါပေမဲ့ မဖတ်တတ်တော့ ဘာကိုဆိုလိုမှန်းမသိဘူး။ အတော်ရယ်ရသား။ အဲ့တာနဲ့ ဘယ်ဆက်သွားရမှန်းမသိတာနဲ့ ကျန်တဲ့သူတွေလည်း ဆက်မတက်တာကောင်းမယ်။ တခြားသွားစရာတွေ ကျန်သေးတယ်ဆိုပြီး ရပ်လိုက်ကြရတယ်။ ကိုယ်ဆိုရင် ရေတံခွန်ရဲ့အထက်ဆုံးအပိုင်းကို မြင်ချင်စောနဲ့တက်လာတာလေ။ အဲ့မှာတင် အရှုံးပေးလိုက်ရတယ်ပေါ့။ ဆင်တုန်းလည်း တဖြည်းဖြည်း သေချာသတိထားပြီး ဆင်းကြပြန်ရော။

အဆင်းမှာလည်း ပုံတွေထပ်ရိုက်ကြသေး။ ဘာဖြစ်ဖြစ် အနည်းဆုံးတော့ အဲ့အခိုက်အတန့်တွေဟာ နေပျော်ဖို့ထိုက်တန်ရမယ် မဟုတ်လား။ အောက်မှာဆိုင်ကယ်ထားတဲ့ နေရာရောက်တော့လည်း ထိုင်းအမျိုးသမီးတစ်ယောက်အကူအညီနဲ့ group photo ထပ်ရိုက်ဖြစ်သေး။ အဲ့ကနေပြန်ပြီး ရွာရဲ့အဓိကအဝင်လမ်းဖြစ်တဲ့၊ လာရောက်တဲ့သူတွေအများဆုံး ဓါတ်ပုံရိုက်ကြတဲ့ လမ်းကြားထဲကို ဆင်းနင်းကြတယ်။ ဆိုင်ကယ်တွေတော့ အပေါ်လမ်းတစ်ဝက်မှာ ပြန်ထားခဲ့ကြရတယ်။ အဲ့မှာ အိမ်သာတက်သူကတက်ရသေး။ ဟိုတစ်ယောက်စောင့် ဒီတစ်ယောက်စောင့်နဲ့ ခွီနေရတယ်။ ထပ်တွေးမိရင် နောက်ထပ်ရယ်ရတာတစ်ခုက နေခင်းကြောင်တောင်ကြီး ကာလသားတို့ အပျိုထွက်ရှာသလိုကြီး တအုတ်အုတ်၊ တကျက်ကျက်နဲ့။ အုံမယ်။ ဟိုဘက်ကပ်လိုက် ဒီဘက်ကပ်လိုက်နဲ့ ဟန်ပန်လက္ခဏာတွေ ထုတ်ပစ်လိုက်ကြတာ။ သူတစ်ပုံကိုယ်ပုံနဲ့ သိပ်တိုတောင်းလွန်းတဲ့ ရွာဝင်လမ်းကလေးဟာ ကိုယ်တွေကြောင့် အဝင်အထွက် ပြည့်ကျပ်သွားတယ်။ နေလည်းမြင့်လာပြီ ဗိုက်ကလည်းဆာလာပြီဆိုတော့ တောင်ချိုင်ကြားကဆင်းလာတဲ့ ရေမြောင်းဘေးနား ဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုထဲ ဝင်လိုက်ကြတယ်။

စားချင်တဲ့အစားအသောက်တွေ မှာလိုက်ကြတယ်။ ကိုယ်ကတော့ crispy ဖြစ်တဲ့ခေါက်ဆွဲနဲ့ ကြက်ပေါင်ကို အရည်ဆန်းထားတဲ့ဟာ တစ်ပွဲမှာလိုက်တယ်။ ထည့်စရာ ချဥ်ပေါင်းတွေလည်းပေးတယ်။ ကြက်သွန်တွေပါတယ်။ သခွားသီးလည်းပါတယ်။ ဂျေဒိဒိနဲ့ကိုအာဆိန်လည်းပဲ အဲ့တာမျိုး မှာကြတယ်။ တစ်ပွဲကို ရှစ်ဆယ့်ငါးဘတ်။ ကိုပီတာ သူကတော့ ခေါက်ဆွဲကျော်မှာတယ်။ ကိုနေမင်းစိုးက သောက်စရာ ဖျော်ရည်တစ်ခွက်ဆိုရပြီတဲ့။ မစားတော့ဘူးတဲ့။ ကိုဂျေလီကတော့ coconut sticky rice တစ်ပွဲမှာယူတယ်။ သူ့ဟာက စားကောင်းမယ့်ပုံပဲ။ အပေါ်က နို့ရည်ဆန်းထားပုံရတယ်။ အဓိကက သရက်သီးပါလို့ စားချင်စဖွယ်ကြီး။ အဲ့တာနဲ့ ထိုင်စကားပြောနေကြတုန်း သိပ်မစောင့်လိုက်ရပါဘူး။ မှာထားတဲ့ အစားသောက်တွေရပြီဖြစ်ကြောင်း alert ပေးလာတယ်။ သွားယူပြီး ကိုယ်စီအစားအသောက်နဲ့ စကားစမြည်ပြောရင်း စားလိုက်ကြတာ ကုန်သွားကြပြီ။ တော်ရုံအဆာပြေအဖြစ် စားကြတာဖြစ်လို့ ထပ်ပြီး အားမပေးဖြစ်လိုက်တော့ဘူး။

ခဏနားရင်းကနေ နောက်ထပ်လည်စရာလည်း မရှိတော့ဘူးဆိုပြီး ပြန်ကြတော့မယ်လို့ ပြန်ပြင်ကြတယ်။ အကုန်လုံးက အပေါ်ဘက် ဆိုင်ကယ်တွေရှိတဲ့နေရာကိုပဲ ပြန်ခေါက်ကြရပြန်တယ်။ ပြန်တော့လည်း အဲ့ကျစ်လစ်တဲ့ လမ်းလေးပေါ်မှာ ဓါတ်ပုံထပ်ရိုက်ကြသေး။ ပြီးကိုမပြီးနိုင်တော့ဘူး။ ဒီလိုပုံစံအနေအထားတွေနဲ့ မေကပေါင်ရွာကိုရောက်ဖူးတာဟာ ဘဝထဲက အမှတ်ရစရာထဲကတစ်ခုမဟုတ်လား။ တခုတ်တရ လွမ်းဆွတ်စရာတစ်ခုအနေနဲ့လည်း ကိုယ့်ရဲ့ဘဝမှာ အသွင်တစ်မျိုးနဲ့ ကျန်ရှိသွားနိုင်တာပဲလေ။ အဲ့အတွက်နဲ့ ကိုယ်ပြောချင်တာက ကိုယ်နဲ့မရင်းနီးနဲ့ဒေသ၊ အစိမ်းသက်သက်ဖြစ်တဲ့ ရပ်ဝန်းတွေဟာ ကိုယ့်ကိုရင်နင့်စရာ၊ ခါးသီးစရာအတွေ့အကြုံတွေ ဘယ်မှာပေးရိုးထုံးစံရှိဖူးလို့လဲ။ သစ်လွင်ဆန်းသစ်တဲ့ အတွေ့အကြုံ၊ ဝမ်းသာပီတိဖြစ်စရာ အမှတ်တရတွေပဲ ပေးစွမ်းကြတာ။ ဘဝအတွေ့အကြုံဆိုလည်း ဟုတ်တယ်။ အချိန်အားဖြင့်ဆိုရင် ဒီခရီးဟာ တိုးတောင်းလွန်းတာ မှန်တယ်။ စိတ််ထွက်ပေါက်လည်း ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်ဟာ ကိုယ်နေတဲ့သုံးထပ်မြောက်အခန်းကို ပြန်ရောက်တာပဲ ရှိပါသေးတယ်။ ယခင်အတိုင်း ရောပြွမ်းနေတဲ့ စိတ်အခြေအနေဟာ ကိုယ့်ကို ပြန်လည်ဝါးမျိုလျက်ပါ။

Subscribe to My Newsletter

Occasional updates on projects, articles, and learning experiences.