ချာချာလည်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အရွယ်တစ်ခုကို ဖြစ်သန်းရတယ်ဆိုတာ

ကိုယ်ကြားဖူးထားတာက ငယ်ရွယ်တဲ့ အမျိုးသမီးထုတွေမှာ ဟန်ပန်အမူအရာတဆိတ်နဲ့ ပထမဆုံး ဒေါက်မြင့်ဖိနပ်တစ်စုံစီးပြီး လမ်းလျှောက်တတ်ပြီ၊ နှုတ်ခမ်းဖျားပေါ် နှုတ်ခမ်းနီရဲရဲလေးတို့ ဆွဲတင်ဖုံးတတ်ပြီဆိုရင် မိမိကိုယ်ကို အရွယ်ရောက်ပြီလို့ မှတ်ထင်တတ်ကြသတဲ့။ ဘာလို့လဲပေါ့။ သူတို့ရဲ့ကိုယ်ပေါ်မှာ အလှတရားတစ်ခုဟာ သိုသိုသိပ်သိပ် ပေါ်လွင်လာသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသွင်ပြင်အားဖြင့် ပြတ်သားထင်ရှားသွားပါလေစေ စိတ်ထဲမှာ မာန်မာနဂုဏ်ပြိုင်ခြင်းဆိုတာ သူ့အလိုလို ဖြစ်ပေါ်လာတတ်တယ်မလား။ အဲဒါနဲ့ သူတို့ကိုယ်သူတို့ အရွယ်ရောက်ပြီလို့ စသတိထားမိတတ်ကြတာတဲ့။
အမျိုးသားထုတို့အတွက်ကော သူတို့ကိုသူတို့ အရွယ်ရောက်ပြီဆိုတာကို ဘယ်အချိန်ခါမှ လေးလေးနက်နက် ဖော်ထုတ်တွေ့ရှိသွားတာလဲပေါ့။ အပေါင်းအသင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားဝိုင်းထဲမှာ လူလားမြောက်မှုကို စတင်ရှာဖွေတတ်ချိန်ကနေလား။ အဲလိုမှမဟုတ်ရင် ကိုယ်နဲ့လိင်ချင်းမတူတဲ့ မိန်းမသားတွေရဲ့ ပူပူနွေးနွေးအချစ်ကို တရှိုက်မက်မက် လိုလားတောင့်တနေမိတတ်တဲ့ နုပျိုမှုရဲ့ အထွတ်အထိပ် ကာလတွေကနေ စပြီးတော့လား။ ဘယ်အချိန်မှာ ကွက်ကွက်ကွင်းကွင်း သိမြင်သွားတတ်ကြတာလဲ။
အဲထက်တစ်ဆင့်ပိုပြောရရင် လောကဓံရဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်း ထူပေနာပေ ကျင့်သားရသွားတဲ့ နေ့စွဲတွေကနေလား။ ကိစ္စအများစုမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘဲ အတိတ်ကို တခုတ်တရ ပြန်လည်မျှော်ကြည့်နေရရင်းကသာ ပြန်ပြုံးရယ်တတ်သွားတဲ့ အခိုက်အတန့်တွေကြားမှာ တွေ့ရှိသွားတာများလား။ ပြဿနာတွေ ကြုံတဲ့အခါ ငိုတာအသုံးမဝင်မှန်း သိတတ်စအရွယ်ကနေ ဖြစ်လောက်တယ်လို့ ယူဆလိုက်ရမှာလား။ ကိုယ်ထင်တာက ယောက်ျားလေးတစ်ယောက် အရွယ်ရောက်လာတဲ့ သင်္ကေတဟာ မီးဖိုချောင်သုံးပစ္စည်းအစုံ ဖြစ်သင့်တာမဟုတ်လား။ Lol။
ဒီဘက်ခေတ်တွေမှာ စစ်မှန်တဲ့ အရွယ်ရောက်ခြင်းဆိုတာ အမျိုးသမီးထုအတွက်ရော အမျိုးသားထုအတွက်ပါ နောက်ကျလာတယ်လို့မြင်တယ်။ အရွယ်ရောက်ခြင်းကို အိမ်ထောင်ပြုတာနဲ့ ယှဉ်ပြောတာမဟုတ်ပေမဲ့ အဖေတို့ခေတ်တုန်းက အသက်အစိတ် နှစ်ဆယ့်ငါးလောက်ဆိုရင် တစ်အိုးတစ်အိမ် ကောင်းကောင်းထူထောင်နေနိုင်ကြပြီ မဟုတ်လား။ တို့တွေခေတ်ကျတော့ midlife crisis ထဲ စောစောစီးစီး ဝင်လာကြတယ်လို့သာ ပြောသာပြောကြတာ။ တစ်ကိုယ်ထီးတည်း ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြေးဆိုရင်တောင် လမ်းမမြင်ကမ်းမမြင် ဖြစ်နေကြရတုန်းပဲ။
ခေတ်စနစ်နဲ့ အတွေးအခေါ်တွေအရ social norm တွေ ပြောင်းလဲလာလို့လည်း ပါမယ်ထင်တယ်။ အရင်တုန်းကဆို ထုံးစံအလျောက် စုလျားရစ်ပတ်လုပ်ရင်ကို ပတ်ဝန်းကျင်က reproductive pressure ပေးလွန်းသကိုး။ အဲဒီတော့ တချို့ဆို မနိုင်မနင်း ကလေးတွေမွေး၊ ပခုံးတာဝန်တွေ နင်းကန်နေအောင်ထမ်းနဲ့။ ဘဝရဲ့ရင့်ကျက်မှုတစ်ခုဆိုတာထက် ရင့်မာမှုတစ်ခုကို စောစောစီးစီး တည်ဆောက်ယူသွားတယ်လို့ မြင်တယ်။ ခုခေတ်ကျ ဒါက my generation ဆိုပြီး ဂုဏ်ယူပြောနိုင်ဖို့အတွက် မျိုးပွားဖို့က နံပါတ်တစ် မဟုတ်ပြန်တော့ဘူး။ Relationship တစ်ခုတည်ဆောက်ရင်တောင် နှစ်ဦးကြား စိတ်အထောက်အပံ့၊ ခိုနားစရာအတွက်ပဲ ဖြစ်သွားပြီ။
ဘယ်ခေတ်ကာလက လူနေမှုပုံစံကမှ မှန်ကန်တာလို့ တပ်အပ်ပြောချင်တာ မဟုတ်ပါဘူး။ အဓိကက “How will you win your life?” ပဲ။ အသက်ခြောက်ဆယ်နီးခါမှ ပထမဦးဆုံး မိန်းမရသွားလည်း ကိုယ့်ဘဝအဘိဓာန်က မပြည့်စုံဘူးလို့ မဆိုနိုင်ဘူး။ “Time is relative” ဖြစ်တဲ့အတွက် အချိန်နဲ့ရစ်ပတ်ထားတဲ့ ဇရာဆိုတဲ့အသက်ဟာလည်း အမြဲတပြေးညီ ဟန်ချက်မညီဘူး ဆိုတာပဲ။ အသက်ခြောက်ဆယ်ကျော်ပါစေ လဲဂိုရုပ်တွေ ဆက်လိုစိတ်ရှိသေးတယ်ဆိုလည်း ဆက်ပေါ့လေ။ အသက်ငါးဆယ်ကျော်လို့ အန်နမီတွေကိုမှ ဇွတ်ကြည့်ချင်လည်း ကြည့်ပေါ့။ ကိုယ်ကတော့ ခင်ဗျားကို naive ဖြစ်လွန်းတယ်လို့ တစိုးတစိမှကို မထင်ပါဘူး။
ဒါနဲ့ စကားမစပ်… မြေးဦးရပြီးမှ ဆယ်ကျော်သက်နဲ့ နှစ်ဆယ်ကျော်အရွယ်တွေမှာ မစံစား၊ မခံစားဖူးတဲ့ အချစ်ကို တဖွဲ့တနွဲ့ ရေးထားတဲ့ စိတ်ကူးယဉ် အချစ်ဝတ္ထုတွေကို ဖတ်ချင်သေးသပဆိုလည်း မတားပါဘူး။