လူနဲ့အစေးကပ်အောင် နေတတ်တဲ့လူစားမျိုး မဟုတ်ခဲ့ဘူး

A solitary Robot figure representing a quiet, introverted personality and a distinct sense of self.

ကျနော်ဟာ လူနဲ့အစေးကပ်အောင် နေတတ်တဲ့လူစားမျိုး ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ ငယ်ငယ်ကလည်း အဲ့လိုပဲ။ အသက်ကြီးလာတော့လည်း အဲ့အချိုးက ပျောက်ကွယ်သွားသလားဆို never ever ပဲ။ ခေတ်စကားအရပြောရရင် ဆိုရှယ်ညံ့တယ်ပေါ့ကွယ်။ အဲ့အတွက် မိသားစုက၊ အဖေအမေက မသွန်သင်ဘူးလားမေးရင် အရမ်းသွန်သင်ဆုံးမပေးတာပေါ့။ ဒါပေမဲ့ ကျနော်ဟာ အဲ့အကျင့်စာရိတ္တကို မမွေးမြူလိုခဲ့ဘူး။ အတင်းလုပ်ယူပြီးကို ဟန်ဆောင်ပန်ဆောင်လည်း မနေတတ်ဘူး။ ကြိုက်ရင် စကားပြောလိုက်တယ်။ မကြိုက်ရင်လည်း အဖတ်လုပ်ပြီး ရောနှောပြီးတောင် စကားမပြောဘူး။ အဲ့ကြောင့် networking ဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ ကျနော်နဲ့ ခပ်ဝေးဝေးမှာပဲ တည်ရှိကြတယ်။

ပြီးတော့ တခါတခါ ကိုယ်စဉ်းစားတာက လူတွေကို ကိုယ်တိုင်၌က မခုံမင်၊ မလိုလားဘူးလို့ ခံယူတာထက် အဲ့လူတွေကလည်း ကိုယ်ရဲ့သူစိမ်းတစ်ရံဆံတဲ့ စိတ်ဓာတ်ကြောင့် ကိုယ်နဲ့ မိတ်ဆွေအပေါင်းအသင်း ဖြစ်ရလောက်အောင် ဖော်ဖော်ရွေရွေဆိုတဲ့ အဆင့်ထိကို ထည့်တွက်စဉ်းစားကြမှာတောင် မဟုတ်ဘူးလို့ ပြောင်းပြန်ဆင်ခြင်လိုက်တယ်။ အဲ့တာကမှ မျှတတဲ့အတွေးအခေါ်လို့ ကိုယ်မြင်တယ်။ နောက်ထပ်ဆိုးတာတစ်ခုက တစ်ဖက်လူက ဘယ်ကောင်ဘယ်ဝါ ဖြစ်နေပါစေ ကိုယ်လိုလားတဲ့ပုံစံနဲ့ အံ့မဝင်ရင် စကားကိုမပြောချင်တော့တာ။ အဲ့တာ stupidity စိတ်အခံပဲလို့ လက်ညှိုးထိုးလည်း ကျနော်လက်ခံတယ်။ ဒါပေမဲ့ သူတို့ကို အထင်မကြီး၊ မလေးစားဘူးလို့ ဆိုလိုချင်တာမဟုတ်ဘူး။

အဲ့ဆို ဘာကြောင့်လဲပေါ့။ သူ့ကျွမ်းကျင်ရာ realm၊ ကိုယ့်လိမ္မာရာ realm ချင်း မတူနေပါစေဦးတော့ လူချင်းကြားမှာ ကြိုက်ခြင်းအကြောင်းအရာ taste ချင်း သဟဇာတမဖြစ်ရင် conversation တစ်ခုဖြစ်ဖို့အရေး မရမက စကားလုံးတွေ ဖျစ်ညှစ်ပြောရတာ ပျင်းလွန်းလို့လေ။ တချို့က အဲ့တာကို brain level မတူတာလို့ တံဆိပ်တပ် ပြောကြတယ်။ ကျနော်ကတော့ brain level ဘာညာတွေ မပြောချင်ဘူး။ အဲ့လိုပြောရင် ခွဲခြားဆက်ဆံတယ်လို့ မြင်မိတယ်။ အဲ့တော့ ကျနော်ဟာ လူချစ်လူခင်မများတာ ဘာမှဆန်းပြားမနေဘူး။ ဒါပေမဲ့ တစ်ဖက်လူက သူ့ဆီက ကိုယ်အရမ်းပညာရယူနိုင်တဲ့ လူဖြစ်ပြီဆိုရင် သူနဲ့တော့ မခြားမလပ် အဆက်အသွယ် ထားကိုထားတယ်။

ဆက်ပြောရရင် ငယ်ငယ်က သူငယ်ချင်းတစ်ယောက်ရှိတယ်။ ဘဝမှာ အရင်းနှီးဆုံး သူငယ်ချင်းလည်း ဖြစ်ခဲ့တယ်။ ခုနောက်ပိုင်းမှ သူနဲ့ကိုယ်ကြား အဆက်အသွယ် လုပ်ဖြစ်ရင်လည်း အရင်လိုမဟုတ်တော့ဘဲ ခပ်စိပ်စိပ်ဖြစ်သွားပြီ။ သူ့မှာ လူတွေကို အကြည်ဓာတ်နဲ့ ဆက်သွယ်ပြောဆိုတတ်တဲ့ စရိုက်လက္ခဏာရှိတယ်။ ပြောချင်တာက ဆက်ဆံရေးကောင်းတယ်ပေါ့။ ငယ်ငယ်က အမေစျေးသွားလို့ သူနဲ့ လမ်းခုလတ်တစ်နေရာမှာတွေ့ရင် သူ့ဆီက ပျူပျူငှာငှာ စနှုတ်ဆက်ခဲ့တာချည်းပဲတဲ့။ ဒေါ်ဒေါ် ဘယ်သွားလဲ။ ဘာညာစသဖြင့်ပေါ့။ သူက အမေ့ကိုမှမဟုတ် တခြားလူတွေကိုလည်း အရေးတယူပြုပြီး ပြောဆိုဆက်ဆံတတ်တာ။

အမေစျေးကပြန်ပြီး အိမ်ရောက်ရင် သူ့သားသမီးတွေကို ရင်ထဲက တလှိုက်လှိုက် ဖွင့်ထုတ်ပြောချင်တာတွေ ပါလာတတ်စမြဲမဟုတ်လား။ ကောင်းသတင်းတွေက များတယ်ပေါ့လေ။ ဒါပေမဲ့ communication နဲ့ ပတ်သက်လာရင် ကိုယ်ဆိုသူနဲ့ အမြဲနှိုင်းယှဉ်ပြီး ပြောခံရ။ ကြည့်တဲ့။ မင်းသူငယ်ချင်းဆိုရင် လောကွတ်ကောင်းလိုက်တာတဲ့။ ငါ့သားသမီးတွေနဲ့ တခြားစီပဲတဲ့။ အဲ့လိုမျိုး အမေ့ဆီက အဆူထိခံရတာ မနည်းမနောပဲ။ အမေဟာ ဘယ်လိုပင် တွန်းတိုက်ပါစေ ကျနော်ဟာ ပင်ကိုယ်ဂိုက်ဖမ်းပြီး နေရတာကို ဒီအသက်ရွယ်ထိ ပျော်ပိုက်နေတုန်းပဲမလား။ ပြီးတော့ဘဝမှာ ငယ်ငယ်ကတည်းက သိပ်သည်းဆလေးပြီး ပါလာတဲ့ identity အစစ်ကို ဖုံးလွှမ်းပြီး “ကိုယ်မဟုတ်ဘူးဆိုတဲ့” စိတ်ခံစားချက်ကို ပေးစွမ်းတဲ့အရာမှန်သမျှကို ဖယ်ခွာလေ့ရှိတာကိုး။

အာရုံကြောသိပ္ပံအရဆိုဆို၊ ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီအရဆိုဆို၊ ခရစ်တော်၌ရှိလျှင်ပဲပြောပြော လူဆိုတာ အသစ်ပြုပြင်ပြောင်းလဲနိုင်တဲ့ သတ္တဝါပဲ။ အဲ့တာကြောင့်လည်း တချို့လူတွေဟာ ဘဝတွေမြင့်မြင့်ရောက်အောင် စိတ်ဓာတ်တွေ၊ ခံယူချက်ဟောင်းတွေကို ရိုက်ချိုးပြီး ပြုပြင်ပြောင်းလဲ တည်ဆောက်နိုင်ကြတယ်။ However, the opposite will be so true for me. တဖက်မှာလည်း တချို့ရှိရင်းစွဲ အမူအကျင့်ဟောင်းတွေဟာ ပျောက်သွားဖို့လည်း မလိုဘူးလို့ ကျနော်မြင်တယ်။ အဲ့ကြောင့် ကျနော်ဟာ လူတွေနဲ့ ဆိုရှယ်ညံ့ဖျင်းတာ ယုတ္တိကျတယ် မဟုတ်လား။ အဲ့တာဟာ ကျနော့်ကိုကျနော်မြင်တဲ့ စစ်မှန်တဲ့ အဇ္ဈတ္တသဘောပဲ။

ဒဲ့ဒိုးပြောရင် အပေါင်းအသင်းမဆံ့၊ လူဝင်မဆံ့တဲ့ငနဲလို့ သမုတ်ရင်လည်း ရတယ်။ အဲ့တာနဲ့ပတ်သက်ပြီး ကိုယ်ဘာမှစိတ်ကွက်တာမျိုးလည်း ရှိမှာမဟုတ်ဘူး။ အရင်တုန်းကတော့ ကြိုးစားခဲ့သေးတယ်။ လူတိုင်းကို ကိုယ့်ဘက်ကစပြီး စကားတွေကို ပြောကြည့်ဖို့လေ။ ဒါပေမဲ့ နဂိုမူလဗီဇက သဘောမတူတာလားတော့မသိ။ အဆင်ပြေမနေဘူးရေ။ ခြုံပြောရရင် လူတွေနဲ့ ပြောဆိုဆက်ဆံရေးတိုင်းမှာ အားနည်းတဲ့သူလို့တွေးရင်း ကျနော်ဟာ အချိန်ဘယ်လောက်များ ထပ်ကုန်ဦးမလဲဆိုတာ ခန့်မှန်းလို့ မရတဲ့အထိပဲ။ နက်နက်ရှိုင်းရှိုင်းဖြစ်တဲ့ ဆက်ဆံရေးတွေဟာ ကိုယ်တိုင်တည်ဆောက်မှ ဖြစ်တော့မှာလား။ အသွားအပြန်ရှိမှ ဆက်ဆံရေးတစ်ခုဟာ ရေရှည်ခိုင်မြဲတာလား။

အဲ့ခေါင်းထဲက မေးခွန်းတွေက ကျနော်နဲ့ တစ်မီတာအကွာမှာ ရှိတယ်ဆိုရင်တောင် ကျနော်ဟာ ပြေးလေဝေးလေထင်မှတ်ပြီး ဖယ်ခွာဖယ်ခွာနဲ့ ရှောင်တိမ်းနေမှာ လုံးဝကျိန်းသေတယ်။

Read Next

မင်းဟာမင်း နောင်တရလို့ လိမ္မာချင်ရင်တောင်မှ မင်းဟာ သေတဲ့အထိ ဂိတ်ဆုံးအောင် ဆက်မိုက်နေရမယ်။

မင်းဟာမင်း နောင်တရလို့ လိမ္မာချင်ရင်တောင်မှ မင်းဟာ သေတဲ့အထိ ဂိတ်ဆုံးအောင် ဆက်မိုက်နေရမယ်။ ဒီစာကြောင်းတိုလေးတစ်ကြောင်းကနေ ကိုယ့်အတွက် ဆင့်ပွားတွေးစရာ အများကြီးရသွားတယ်။

ချာချာလည်နေတဲ့ ကမ္ဘာကြီးပေါ်မှာ အရွယ်တစ်ခုကို ဖြစ်သန်းရတယ်ဆိုတာ

ကိုယ်ကြားဖူးထားတာက ငယ်ရွယ်တဲ့ အမျိုးသမီးထုတွေမှာ ဟန်ပန်အမူအရာတဆိတ်နဲ့ ပထမဆုံး ဒေါက်မြင့်ဖိနပ်တစ်စုံစီးပြီး လမ်းလျှောက်တတ်ပြီ၊ နှုတ်ခမ်းဖျားပေါ် နှုတ်ခမ်းနီရဲရဲလေးတို့ ဆွဲတင်ဖုံးတတ်ပြီဆိုရင် မိမိကိုယ်ကို အရွယ်ရောက်ပြီလို့ မှတ်ထင်တတ်ကြသတဲ့။

Subscribe to My Newsletter

Occasional updates on projects, articles, and learning experiences.