မင်းဟာမင်း နောင်တရလို့ လိမ္မာချင်ရင်တောင်မှ မင်းဟာ သေတဲ့အထိ ဂိတ်ဆုံးအောင် ဆက်မိုက်နေရမယ်။

မင်းဟာမင်း နောင်တရလို့ လိမ္မာချင်ရင်တောင်မှ မင်းဟာ သေတဲ့အထိ ဂိတ်ဆုံးအောင် ဆက်မိုက်နေရမယ်။ ဒီစာကြောင်းတိုလေးတစ်ကြောင်းကနေ ကိုယ့်အတွက် ဆင့်ပွားတွေးစရာ အများကြီးရသွားတယ်။ ပင်ကိုယ်စရိုက်လက္ခဏာအရ ကိုယ့်ဆီမှာ ဖြစ်မြောက်လိုသော လိုအင်တစ်ခုရှိပြီဆိုရင် အဲ့ပြုစဖွယ်ကိစ္စရပ်ကိုပဲ ပြီးမြောက်သွားတဲ့အထိ ပိပိရိရိစေ့စပ်သေချာနဲ့ တစ်ဆင့်ချင်း တည်ဆောက်လေ့ရှိတယ်။ အဲ့အထဲက တချို့တလေဆိုရင် ကိုယ့်အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အထိ ကိုယ့်ကိုမားမားမတ်မတ် ရပ်တည်နိုင်စေတယ်လို့ ဆိုရမယ်။ ဘာလို့ အဲ့လိုအစချီပြီး ပြောရသလဲဆိုရင် ကိုယ့်ဆီမှာရှိသမျှ မွဲတေနေတဲ့ ကောင်းကွက်လေးတွေမို့လို့ပဲ။ ကိုယ့်ဆီမှာ အနည်းဆုံးကောင်းတာလေးတွေ ရှိဦးမလားလို့ သဲလွန်စကောက်ရှာမိတာ။
ဒါပေမဲ့ ကိုယ့်မှာ ရှိရင်းစွဲအကျင့်ဆိုးကိုပဲ ဖြတ်မရလောက်အောင် ထပ်အမြစ်တွယ်တဲ့အထိ မွေးမြူမိသွားတတ်တဲ့ အကျင့်ဆိုးရှိသေးပြန်တယ်။ မလိမ္မာ၊ မှားမှန်းသိလျက် ဆက်ပြီးမလုပ်သင့်တော့မှန်းလည်း သိတယ်။ ပြန်ပြင်မှရကောင်းမှန်းလည်း သိတယ်။ အဲ့တော့ အဲ့ကျော့ကွင်းဟာ ကိုယ်အကျပ်ရိုက်ပိတ်မိရတဲ့ ထောင်ချောက်ဆိုလည်း မမှားဘူးပြောရမယ်။ တစ်ဖက်မှာ မိုက်မိုက်မဲမဲနဲ့ လျှောက်လာခဲ့တဲ့ အရှိန်အဟုန်ဟာ ရပ်တန့်မရတော့အထိ အစွန်းတစ်ဖက်ကို ရောက်သွားကြပြီ။ တော်တော်ဆိုးဆိုးရွားရွား မဟုတ်လား။ အဲ့တော့ နောက်ပြန်လှည့်ဖို့လည်း မထူးတော့တဲ့အဆုံး ပျက်သုဉ်းတဲ့အထိ ဆက်မိုက်လိုက်ပြန်ရော။ ဘာလို့ ကိုယ့်အကြောင်းကို ဒီလောက်ဋီကာချဲ့ပြီး ပြောရသလဲဆိုရင် မဖြစ်သင့်တဲ့ဟာတွေပေါ် ကိုယ့်ရဲ့တစ်ဖက်သတ် စွဲငြိမှုတွေဟာ အဆုံးစွန်နေလို့ပဲ။
ဘာမဆိုမှားရင် ပြန်ပြင်လို့ရတယ်တဲ့။ လူအများစုပြောနေကျ နှစ်သိမ့်ဖွယ် လက်သုံးစကားကြီး။ သို့ပေမဲ့ အခြင်းအရာတိုင်းအတွက်ဆို မဟုတ်ပြန်ဘူး။ အစုံတစ်ရာဟာ ကိုယ်အထဲ၌ တစ်သားတည်းဖြစ်သွားပြီဆိုရင် ပြန်ပြင်ဖို့ အင်မတန်ခဲယဉ်းသွားပြီလို့ ကိုယ်ပြောချင်တယ်။ ဘာလို့ဆို “ပြုပြင်ပြောင်းလဲ” ဆိုတဲ့ စကားလုံးနောက်မှာ ဆန္ဒရှိရှိနဲ့ကို ကိုယ့်ဘက်ကစပြီး လှိုက်လှိုက်လဲလဲ ပေးဆပ်စရာတွေ၊ အားစိုက်ထုတ်စရာတွေ တစ်ပုံတစ်ခေါင်း ယှဉ်တွဲလိုက်ပါလာလို့ပဲ။ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကိုယ်ကတော့ တစ်ချို့သောလမ်းမတွေမှာ တစ်ဖက်သတ် မောင်းနှင်မိတုန်းပဲ။ အကျိုးဆက်အနေနဲ့ မဆုံးတော့တဲ့ ကထစ်ကရိုက်ဆန်မှုတွေဟာ ကိုယ့်အတွက် မထူးဆန်းတော့ပါဘူးလေ။
အဲ့တော့ ကိုယ့်ဘဝမှာ နောင်တရတယ်ဆိုတာ မသိတတ်နားမလည်မှုထဲကနေ လာတာမဟုတ်ဘဲ လည်လည်ပတ်ပတ်ရှိနေတဲ့ ကိုယ်တိုင်သိရှိမှုကြားထဲကနေပင် မကြာခဏ လာရောက်နေတာ။ တော်တော်ဆိုးဆိုးရွားရွား မိုက်မဲခြင်းမဟုတ်လား။ အဲ့လိုစိတ်အခံကြောင့်လည်း တစ်ဖက်မှာ ပေးဆပ်ရမှုကလည်း ကြီးမားသွားတယ်။ ဘာလို့လဲဆိုရင် အမှားတွေ ကျူးလွန်ပြီးဆုံးသွားချိန်မှာ ကိုယ့်ရိုးတွင်းခြင်ဆီတွေဟာလည်း သွေ့ခြောက်ကုန်ခမ်းသွားလေပြီ။ ဂိတ်ဆုံးရောက်တိုင်း ထပ်ယူကျုံးမရဖြစ်ပြီး သေမင်းကိုက်ထားတဲ့ဒဏ်ရာနဲ့ ကိုယ်တစ်ယောက်ဟာ ဒဏ်ရာဗရပွနဲ့။ ပြန်တွေးကြည့်ရင် ပျော့ညံ့တဲ့လူတစ်ယောက်ပဲ။ Mentality ကို ကြံ့ကြံ့ခံနိုင်အောင် မဆောက်တတ်သေးပါလားဆိုပြီး သံဝေဂလည်းရတယ်။ အဲ့လိုကြောင့်လည်း ဘယ်မှမရီးမပေါက် ဖြစ်နေရရှာတာ။
ဒီနှစ်တွေထဲမှာရော ဘယ်ဟာကများ သိသိသာသာ အကျိုးဖြစ်ထွန်းသွားလို့လဲ။ ရိုးရိုးသားသား ထပ်ပြောရရင် ကိုယ့်ကံကြမ္မာဟာ တော်ရုံကျိန်စာသင့်ထားတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုတောင် သရော်ပြီးဝန်ခံရရင် မရင့်ကျက်သေးဘူးဆိုရမှာပဲ။ ကိုယ်ဟာ စိတ်၏စေရာတိုင်းကို သဲပေါ်မှာဆောက်မိတာကိုက နုံအခြင်း မမည်ဘူးလား။ အတွေးအခေါ် ခံယူချက်ပိုင်းဆိုင်ရာ တိမ်လွန်းနေခြင်းပဲလေ။ ပြီးတော့ ကိုယ်ဟာ စိတ်ရည်မှန်းချက်အစဉ်ကို ကျောက်ပေါ်မှာ မတည်ဆောက်ခဲ့မိဘူး။ အသိပညာခေါင်းပါးတာလို့လည်း တံဆိပ်ကပ်လို့ရတာပဲ။ အဲ့ကြောင့် ဒီမုန်တိုင်းဟာ ထန်တဲ့ကြားထဲ မိုးရွာပြီးရေစီးသည်နှင့် လေလာတဲ့အခါမှာ ကိုယ်ဟာ ကြံ့ကြံ့မခံရပ်နိုင်တော့ဘူး။ အဖတ်ဆယ် နာလန်ထူဖို့ခက်လောက်အောင် ကိုယ်ဟာ ကြီးစွာသောပြိုလဲခြင်းသို့ ရောက်လေပြီ။
ဟောဒီနိုင်ငံက ပြုပြင်ပြောင်းလဲလိုပါတယ်လို့ ဆိုတဲ့သူတွေလည်း တစ်ခုလုပ်မယ်ဆိုရင် ကိုယ့်လို တွေဝေခြင်းနဲ့ ဗျာများနေမယ်ဆိုရင် ခရီးပေါက်မြောက်ခြင်းဟာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။ အပြောင်းအလဲကို အသွေးအသားထဲကနေ ယုံကြည်မှ မလုပ်နိုင်ရင် ဒီသံသရာထဲကနေ လွတ်နိုင်မယ်မထင်ပါရဲ့။ ရိုင်းရိုင်းစိုင်းစိုင်းပြောရရင် ခွေးဟာ မိမိအန်ဖတ်ကို မရွံရှာဘဲ ပြန်စားတတ်တယ်မဟုတ်လား။ အလားတူပဲ ကိုယ်ဟာ မိုက်သောသူဖြစ်နေရင် မိုက်သောအကျင့်ကို ဆက်ကျင့်နေဖို့ ဝန်မလေးတတ်ဘူး။ ရင်ဘတ်ထဲမှာတော့ လိမ္မာချင်တဲ့စိတ်၊ ငြိမ်းချမ်းချင်တဲ့စိတ်တွေ တဖွားဖွားရှိပါတယ်။ ဒါပေမဲ့ မိမိကိုယ်မိမိ သစ္စာဖောက်လို့မရတဲ့ တပ်မက်ခြင်းမာနစရိုက်တွေက အထပ်ထပ် တားဆီးလေတော့ ဂိတ်ဆုံးအောင် ဆက်မိုက်ကြရပြီပေါ့လေ။ အကျိုးမြတ်ကတော့ ပျက်သုဉ်းခြင်းတဲ့လေ။
အဆုံး၌ ဒီသံသရာတစ်ကွေ့မှာ ကိုယ်ရောသူရော နောင်တတွေကို ပြန်မသိချင်ယောင်ဆောင် အိတ်ကပ်ထဲပဲ ခေါက်သိမ်းထားလိုက်ပြီး မျက်နှာဖုံးကိုတော့ အသစ်စက်စက် ပြန်တပ်ဆဲတပ်မြဲပါပဲ။