ထားခဲ့လေရက် April။ ရင်မှာ ဆို့နင့်စွာနဲ့။

လွန်ခဲ့တဲ့ 2024 မတ်လ 20 ရက်နေ့က ရေးခဲ့တဲ့စာ။ ပြန်ဖတ်ရင်း ပြုံးစိစိလည်း ဖြစ်မိတယ်။
My Dear April,
ထားခဲ့လေရက် April။ ရင်မှာ ဆို့နင့်စွာနဲ့။
May လရဲ့ ပထမနေ့။ တထောင်းတငွေ့အပူချိန်သည်ကျနော့်ကို လောလောလတ်လတ် အရှိုက်ထိအောင် ရိုက်ခတ်သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း ထူပြောမတတ်အောင် ထိုင်းမှိုင်းလာသည်။ ဘယ်မှာလဲ စိတ်စေစားရာအခြေပြုကာ ခဏတဖြုတ် အိမ်အပြင်ထွက်လာခဲ့သည်။ ကျနော့်အထင်ပြောရလျှင် ကျနော်ဟာ တကိုယ်ထီးတည်းဖြစ်တာ အတော်ကြာပြီဆိုတာပဲ။
ဟိုးအရင်က ပိတ်ကားတစ်ချပ်ပေါ် ရူးရူးမိုက်မိုက် စူးစိုက်ပုံဖော်ဖူးတဲ့ အငိုရောင်နွေအိပ်မက်တွေလည်း အရင်လိုပြိုးပြိုးပြက်ပြက် မရှိတော့ပြီ။ ကျနော်၏မှတ်ဥာဏ်ဟာ မခိုင်မာမပြတ်သားတော့။ April ကိုစတွေ့သည်ကလောက် ယောကျ်ားသားတစ်ယောက်၏အားမာန်ဟာလည်း ကျနော့်အပေါ် ပိုလျော့ရဲပိုစိတ်ကွက်လာသည်။ တစ်နည်းအားဖြင့်ပြောရလျှင် အရာရာဟာ April ကြောင့်လား။
April ကြောင့် တနုံ့နုံ့လွမ်းဆွတ်ရသော အဆွေးဟာ တိုက်စားမှုဒဏ်ဆက်အားကြီးနေရင် ကျနော့်အတွက်တော့ လက်ကျန်ဘဝကိုရေစုံမျှောဖို့ပဲ ရှိပါတော့သည်။ ၎င်းအတိုင်းပင် ကျနော် မျှော်လင့်ထားပါသည်။ “ကိုယ်ဟာနောင်တတွေကင်းကင်းနဲ့ မင်းအဝေးမှာနေခဲ့ဖူးတယ်လို့” ပြောထွက်မိခဲ့ရင် အခုချိန်မှာ အငြင်းဝါကျအဖြစ် ပြန်ပြောင်းပြောချင်တယ် April။ အဘယ်ကြောင့်ဆို အလွမ်းတွေတပွေ့တပိုက်နဲ့ ကိုယ်တိုင်ပျော်တော်ဆက်ဖို့ ကျနော်ဟာသတ္တိကင်းမဲ့သူ။ April ဖန်ဆင်းပေးတဲ့နွေဦးဟာ ကျနော်နှင့်ကံ့ကော်အကြား ရင်းနှီးကျွမ်းဝင်မှုသင်္ကေတအစပျိုးလည်းဖြစ်ခဲ့၏။
April ကြောင့် ကံ့ကော်ကိုချစ်တတ်လာသည်။ ကံ့ကော်ရဲ့ဝတ်ဆံဝါဝါမွှေးရနံ့ကို မြတ်နိုးတတ်လာသည်။ လောကဓံနှင့်စီးချင်းထိုးမှာထက် အချစ်ဆင်းရဲခြင်းကြောင့် စီးချင်းထိုးရမှာကိုပင် ကျနော်ပိုခုံမင်သည်။ ကြုံလာမယ့်ဒဏ်ရာဒဏ်ချက်တွေကို အသင့်ခံဖို့ ကျနော့်ရင်ဘတ်တစ်စုံဟာ အားအင် အပြည့်နဲ့။ ထိုသို့ကြောင့် ကိုယ့်နှလုံးသားဟာ အခုချိန်ထိ ဒုက္ခိတဖြစ်နေဆဲ။ April ရဲ့ဥပေက္ခာပြုမှုအောက်မှာ ကျနော့်နေ့ရက်တွေ မှောင်မိုက်နေဆဲ။
အမှန်အတိုင်းဝန်ခံမည်ဆိုပါက ငြိမ်ဝပ်တဲ့အသက်တာပိုင်ဆိုင်ဖို့ ဘုရားသခင်ထံခိုလှုံပြီး အားကိုးမှာထက် April ကြောင့်ဖြစ်တည်ရတဲ့ လွမ်းစရာဗရုတ်သုတ်ခဘုံကိုပဲ ခြေစုံပစ်ဝင်ဖို့ ကျနော်အားခဲမှာ။ ကျနော့်နှလုံးသားဟာ အမှောင့်ပယောဂတစ်စုံတစ်ရာကြောင့် အမှောင်အတိဖုံးသွားပြီဟု သင်တို့ထင်နိုင်သည်။ ထိုရွေးချယ်မှုသည်သာ သူမနဲ့ကျနော်နီးစပ်ဖို့သာ ရှိတော့၏။ သို့တည်းမဟုတ် ကိုယ့်ရဲ့တစ်ဖက်သတ်ဆန္ဒသက်သက်သာ ဖြစ်နေမလား April။
မည်သို့ပင်ဆိုစေ “April နဲ့ ဆုံဆည်းခွင့်ရခဲ့လို့၊ ဘုရားသခင်ကို ကျေးဇူးတင်သလို အပြစ်မြင်မိပါတယ်” လူတွေအတွက် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ကာမတ္တ ကျနော်အတွက်တော့ April အပေါ် အချစ်ကြောင့်ဖြစ်ဖူးသော အသည်းကွဲဖျားနာမှုသည်သာ ကောင်းကြီးမင်္ဂလာအကျိုးပေးမဟုတ်လား။ သူမပေးနှင်းသော အချစ်ဒုက္ခဆင်းရဲကို ကျနော်ပျော်ပိုက်သည်။ ဤသို့ ကျနော်နားလည်ထားသည်က ပိုဆီလျော်ပေမည်။
ထိုသို့ပင် ကျနော်နှင့် April အကြား အမှတ်တရပေါင်းများစွာ ကျန်ရစ်ခဲ့ဖူးသည်။ April ညင်သာစွာဖိနှိပ်လိုက်တဲ့ စန္ဒာရားခလုတ်သံ အစီးအဆင်းကို လွမ်းမိသည်။ စန္ဒာရားခလုတ်ခုံပေါ် ခုန်ပေါက်ပြေးလွှားတတ်တဲ့ စီစီရီရီလက်ချောင်းကလေးတွေကို မြတ်မြတ်နိုးနိုး ထိုင်ကြည့်ဖူးသည်။ နှလုံသားထဲက ဖွင့်ဟထွက်ကျလာတဲ့ သီးချင်းလေးတစ်ပုဒ်လို သူ့ကိုအလေးပေးနားဆင်ခဲ့ဖူးသည်။ April ဆိုပြဖူးသော “Niji - သက်တန့်” သီချင်းဆို ကျနော်အနှစ်သက်ဆုံးပင်။ မည်သို့ပင်ဆိုစေ -
ကံတရားက ကျနော့်အပေါ် မသင့်မလျော် တောမှောက်ရက်ပါစေ ကွေကွင်းခြင်းကို ကျနော်ဆီးကြိုလက်ခံတယ် April ရေ။ အရာအရာအတွက် ကျေးဇူးတင်တယ်။ လွမ်းစရာတွေထပ်ရှိလာရင်လည်း နာစရာနဲ့ထပ်ဖြေပါ့မယ် April။ ကျနော်ဘယ်ဆီရောက်နေသလဲ ရုတ်တရက်ပြန်လှည့်ကြည့်မိ။ ဒီလိုနဲ့ ကျနော်ဟာ May လရဲ့ အလွမ်းတိမ်တိုက် ပင်လယ်ထဲ အမှတ်တမဲ့ လွင့်မျောနေတာ။