နိမ့်ချေမြင့်ချေ အတွေ့အကြုံအဖုံဖုံကြောင့် ကျနော်ဟာလည်း ဆာမွန်ငါးလို ရင့်သန်လာခဲ့ပြီ။

၂၀၂၀ နောက်ပိုင်း ခုနှစ်သက္ကရာဇ်တွေဟာ နာကျည်းချက်တွေနဲ့ ရစ်ပတ်ထားတဲ့ အချိန်ကွင်းဆက်။ ၎င်းနှင့်အတူ လေလွင့်ခြင်းလမ်းမတွေထက်မှာ ထော့ကျိုးထော့ကျဲ စိတ်ဒဏ်ရာနှင့် ဦးတည်ရာမရှိတဲ့ ကျနော်။ အရွယ်ရောက်ခြင်းထဲ၌ နာရီလက်တံတို့ဟာ အတိုင်းအဆမရှိ မြန်ဆန်သထက် မြန်လာသည်။ သို့ပေမယ့် ထိုအခြင်းအရာအား ကျနော်ဟာ အစိုးရပိုင်ခွင့်မရှိ။ ဘဝတစ်ခုလုံးစာ သင်ခန်းစာများလည်း ရောင်ရမ်း၍ အနာပြည်တည်လေပြီ။ ပြန်တွေးကြည့်လျှင် အတွင်းဒဏ်ရာတွေဟာ ဆတ်ခနဲ ဆတ်ခနဲ ရင်ဝ၌ တနုံ့နုံ့ဆွမြဲလျက်။ ထို့ကြောင့် ရှေးဟောင်းနှောင်းဖြစ်ဆိုတာ ကျနော်၏အဘိဓာန်မှာ ခါးသီးခြင်းဟု ဖွင့်ဆိုထားသည်။ စိတ်ဒဏ်ရာအသီးသီးဟာ ကျနော်၏စိတ်ဝိညာဉ်အား တနင့်တပိုးဖြစ်အောင် ကျေးကျွန်ပြုလို့။
ဤသို့ဆိုလျှင် ကျနော်၏ စိတ်ကူးစိတ်သန်းတို့သည် ညိုးနွမ်းကြကုန်ပြီလား။ တိတ်တဆိတ် စိတ်ပျက်အားကုန်ခြင်းဆိုတာ ဘယ်သူ့မှလာပြီး ကြိုအသိပေးလို့ရတဲ့ အရာမဟုတ်။ အချိန်အခါသည် ကျနော်မကြားလိုသော မှောင်မိုက်သံကို နားစွင့်တတ်စေ၏။ ကျနော်၏နယ်နိမိတ် သံလိုက်စက်ကွင်းသည် ဆွဲငင်အား လျော့ရဲလာသည်။ အလားတူ သံလိုက်အိမ်မြှောင် စက်ယန္တရားလည်းပဲ မူမမှန်ခြင်း လက္ခဏာအား မြင်သာအောင်ပြုပြနေ၏။ ကျနော်ဟာ တစ်ထောက်တစ်နား လေနုအေးအေးကို ရှူရှိုက်ခွင့်အရေး ကွန်းခိုရာအရပ်တို့သည် ကျနော်နှင့်အကြား မိုင်ထောင်ချီဝေးလျက်။ တဖြည်းဖြည်း ရှေ့ဆက်ရန် တွန်းဆုတ်ခြင်းသည် မှုန်ကုပ်ကုပ် မှန်ဘီလူးတစ်စုံကဲ့သို့။ ဆက်အားယူ၍ ရဲရင့်ခြင်း မရှိလိုတော့ပေ။
ယခုအချိန်မှာ ကျနော်ဟာ အသက်ရှင်လျက် စိတ်ကင်ဆာဝေဒနာ ခံစားနေရသောသူ။ ရွှင်လန်းခြင်းမရှိသောစိတ်ဟာ ဆုံးရှုံးခြင်း၌ အနည်ထိုင်တတ်သတဲ့။ နောက်ပြီးလျှင် ကျနော်သိထားသည်တစ်ခုက လူဆိုသည်မှာ ပျော်ပိုက်နေရလျှင် ညစ်ပတ်လိုသောချို့တဲ့စိတ်မရှိ မဟုတ်လော့။ ကျနော်ကိုယ်တိုင်ကား ထိုကဲ့သို့ ပြုမူနေထိုင်မိလေသလော့။ မဟုတ်ပေ။ ကျနော်ငံ့လင့်နေသည်ကား သလင်းကျောက်လို ကြည်လင်သော စိတ်ထားမျိုးသာသာ။ ပြီးလျှင် မကောင်းဆိုးဝါး သွေးနီဥတွေပြည့်နေတဲ့ စိတ်အစိုင်ခဲကို ဘလိတ်ဓါးနဲ့ လှီးထုတ်ပစ်နိုင်ဖို့ ဖြစ်၏။ နောက်ဆုံးတစ်ခုမှာ တဒင်္ဂကို တဒင်္ဂမှာထားနိုင်တဲ့ မတုန်မလှုပ်တဲ့ စိတ်အမျိုးအစားကို မွေးမြူနိုင်ဖို့ပဲ။ အဘယ်ကြောင့်ဆို ကျနော်ဟာ သွေးအေးလူသားတစ်ယောက်ဖြစ်ဖို့ရန် ပိုငံ့လင့်သူ။
မှတ်မိမှတ်သားဉာဏ်ဆိုတာ တန်ဖိုးထိုက်သလို လူကိုရက်စက်စေတတ်သော အသွားနှစ်ဖက်ဓား။ ယင်းကြောင့် လူတို့သည် ခါးသီးဝမ်းနည်းစရာ အတွေ့အကြုံများကို မေ့ဖျောက်ဖို့ ကြိုးစားလေ့ရှိ၏။ ကျနော်ကား ထိုသို့မဟုတ်။ ကျနော့်၏ မှတ်ဉာဏ်ပိတ်ကားပေါ်မှာ ပူဆွေးသောကညတွေကို ရာသက်ပန် ဆေးခြယ်စွဲထင်စေလိုသည်။ ကျနော်၏ စစ်မှန်သောပုံရိပ်တွေကို ဆင်းရဲသည်ဖြစ်စေ၊ ကောင်းစားသည်ဖြစ်စေ မဆုံးရှုံးပျောက်ကွယ်မသွားရဘူး။ အမြဲမှတ်သားနေရမည်။ ၎င်းမူကား ကျနော်၏နှလုံးသား၌ နက်နက်ရှိုင်းရှိုင်း အရာထင်ရမည့် ဆယ့်နှစ်တန်ချုပ်ရိုး အက်ကြောင်းကြီး။ ခန့်မှန်းရမလွယ်ကူတဲ့ ဘဝမှာ ဘာကိုရှောင်ပြေးဖို့ လိုအပ်အုံးမည်နည်း။ လောကကြီးအား အရှိပကတိအတိုင်း တည်တည်ငြိမ်ငြိမ် ကြည့်တတ်ဖို့ ထူထဲသောလောကအမြင်ကလည်း လိုအပ်နေဆဲ မဟုတ်လော။
ဒီခရီးဟာ ရှည်ကြာမှန်းသိ၍ အရာရာဟာ ဖြည်းဖြည်းလေးသွားနေ Big Bag သီချင်းစာသားကဲ့သို့။ မည်သို့ဆိုစေ ကျနော်ဟာ လွယ်လွယ်လက်လျော့၍မဖြစ်။ ကြိတ်မှိတ်ရှေ့ဆက်လျှောက်ရမည်။ ထို့ကြောင့် သတ်မှတ်ထားသော ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် လူသားဟာ တော်ရုံမျှလောက်နှင့် တင်းတိမ်ပြီး အိပ်တန်းတက်ရန် အခွင့်ရှာသည်ကား မဖြစ်သင့်ပေ။ မတော်တဆ စိတ္တဇရောဂါ လောင်မြိုက်မိခဲ့သော် ဖြစ်ပေါ်လာသမျှ ခံစားချက်အားလုံးကို မီးလောင်တိုက်သွင်းရမည်။ မိမိစိတ်ခံစားချက်ကိုမှ မဖျန်ဖြေနိုင်လျှင် အနာဂတ်အတွက် အကျိုးအမြတ်ရစရာ တစ်စွန်းတစ်စမမြင်မိ။ ခံစားချက်အတွက်နဲ့သာ ပေးဆပ်နေရစမြဲဆိုလျှင် ကျနော်ဟာ မဆိုစလောက် ဇာတ်ပို့တစ်ယောက်အဖြစ်ကနေ နောက်တစ်ဆင့် ဘယ်တော့မှ တက်ရောက်နိုင်မည်မဟုတ်။
ရယ်ဖွယ်ရာကိစ္စကား ဗီလိန်တစ်ဦးဖြစ်လိုတဲ့ ကျနော်ဟာ လူကောင်းသရုပ်ဆောင် ဇာတ်လိုက်တွေကို တိတ်တိတ်လေး စိတ်ကုန်ရလွန်းသေး၏။ ထိုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အခွင့်သာသည်ဆိုလျှင်လည်း လုပ်ပစ်ချင်လှသည်။ အကြောင်းမူကား လောကအလယ်၌ သီးခြားလူတွေဟာ မိမိကိုယ်ကို သရုပ်ဆောင်ပီပြင်လွန်းလှသည်ဟု စိတ်အထင်ရှိကြသည်။ ကျနော့်အတွက်ကား ပြက်ရယ်ပြုစရာ။ စပ်လျဉ်းပြောမည်ဆိုပါက ဇာတ်ထုပ်ထဲပါဝင်သမျှ အခြားအခြားသော ဇာတ်ကောင်ရုပ်သကန်များကို ရွံရှာမိသည်။ ဘဝင်ကျစရာ အင်္ဂါရပ်များကလည်း တွေ့လိုတွေ့ငြား ရှာမတွေ့။ ထို့ကြောင့် ကျနော်ဟာ လူသူများနှင့် မတူကွဲထွက်နေတဲ့ အံကြိတ်ခံ ဗီလိန်ဖြစ်ဖို့အရေး အပတ်တကုတ် ကြိုးစားမှဖြစ်မည် မဟုတ်ပါလော့။ အမှောင်ဘက်ခြမ်းမှာ ကိုယ်ထင်ပြတတ်ရမည်။
သို့ပေမယ့် ကျနော်ဟာ ယုတ္တိဗေဒကို ခြိုးခြံလွန်းပြီး တစ်ဖက်စွန်း ကောက်ချချတတ်သူ မဖြစ်စေရ။ စိတ်လိုက်မာန်ပါ ကလေးဆန်မှုကို အခြေအနေအလိုက် အမွေဖြတ်သလို စွန့်လွှတ်တတ်ရမည်။ ခြုံငုံသုံးသပ်နိုင်စွမ်းကို ဗဟိုပြုပြီး ထိန်းကွပ်စောင်မလိုရမည်။ စိတ်၌ဖြစ်ပေါ်သော အတွေးအခေါ် လှိုင်းဂယက်တွေဟာ စည်းစည်းပိုင်ပိုင်ရှိရမည်။ နောက်ကျောလုံရမည်။ ပျံဝဲနေတဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလာရောင်စုံတွေကို ပုံသေကားချက် ရှုမြင်မှုတစ်ခုတည်းနဲ့ မိမိအတွင်းသဏ္ဌာန်ကို အထိုင်မချမိလိုက်ဖို့ အမြဲသတိချပ်တတ်သူဖြစ်ရန်ကား ခဲယဉ်းနေဆဲ မဟုတ်လော။ မည်သို့ဆိုစေ ဒီခုနှစ်တွေဟာ ကျနော့်အား လူတွေအကြောင်း လေးလေးနက်နက် နားလည်စေရန် သေချာမီးမောင်းထိုးပြခဲ့သည်။ နိမ့်ချေမြင့်ချေ အတွေ့အကြုံအဖုံဖုံကြောင့် ကျနော်ဟာလည်း ဆာမွန်ငါးလို ရင့်သန်လာခဲ့ပြီ။